သုတေသနလေ့လာချက်အရ လူတစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားဖို့အတွက် တစ်စက္ကန့်ရဲ့ ၅ ပုံ ၁ ပုံခန့်အတွင်း ချစ်မိသွားသည်အထိ မြန်ဆန်ပါတယ်။ သို့သော် လက်ထပ်ခြင်းကျပြန်တော့ အဲ့လောက်ထိ မလွယ်ကူတော့ပါဘူး။ အချစ်တစ်ခုတည်းနဲ့ အရာရာကို တည်ဆောက်ဖို့ မဖြစ်နိုင်ပါဘူး။

သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ကြတဲ့ စုံတွဲတွေလည်း အစပိုင်းမှာ လွယ်ကူမနေခဲ့ပါဘူး။ အခက်အခဲ၊ အတားအဆီးများနှင့် ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ထိုအတားအဆီးကို အတူတူ ရင်ဆိုင်ဖြေရှင်းခဲ့ကြတာဖြစ်ပါတယ်။

သင့်အနေနဲ့ ကိုယ့်ရဲ့ချစ်သူကောင်မလေးနဲ့ လက်ထပ်ပြီးနောက် သာယာပျော်ရွှင်ကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကိုယ့်ရှေ့က စီနီယာစုံတွဲများရဲ့ မှတ်သားလောက်စရာ အကြံဉာဏ်ကောင်းများကို နည်းနမူနာ ယူသင့်ပါတယ်။

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြတဲ့ စုံတွဲများက ဘယ်လိုမျိုး မှတ်သားလောက်စရာ အကြံဉာဏ်ကောင်းများကို ဝေမျှခဲ့ကြသလဲ။

ရန်ဖြစ်ကြတဲ့အခါ

“စကားပြောလို့ မပြီးသေးဘူး၊ မင်းက ဘယ်ကို ရှောင်ထွက်သွားတာလဲ” ဆိုပြီး သွေးပူနေတဲ့အချိန်မှာ တစ်ယောက်တစ်ခွန်းစီ စကားများနေကြမယ့်အစား အရင်ဦးဆုံး ၅ မိနစ်၊ ၁၀ မိနစ်ခန့် သပ်သပ်စီ ခွဲနေလိုက်ပါ။ သူ့အမှား၊ ကိုယ့်အမှားကို အပြန်အလှန်ဆင်ခြင်သုံးသပ်ရင်း ခေါင်းအေးသွားတဲ့အချိန်ကျမှ နှစ်ယောက်အတူတူ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ပါတယ်။

သွေးပူနေချိန်မှာ ဘာ့ကြောင့် ရှောင်ထွက်ခိုင်းရသလဲဆိုရင် ထိုအချိန်မှာ တစ်ယောက်ကိုတစ်ယောက် နာကျင်ထိခိုက်စေမယ့် စကားတွေကို ပြောထွက်နိုင်ကြလို့ပါပဲ။

လက်ထပ်ပြီးတဲ့အခါ အရာရာပြောင်းလဲသွားမယ်

လက်မထပ်ခင်မှာတော့ သင့်ချစ်သူနဲ့ သင်တို့က အရင်းနှီးဆုံး သူစိမ်းတွေပါ။ လက်ထပ်ပြီးတဲ့အခါမှာတော့ သင့်ချစ်သူက သင့်ရဲ့မိသားစုဖြစ်သွားပြီး ယခင်က သင့်ရဲ့မိသားစုဟာ သင့်ရဲ့ဆွေမျိုးဖြစ်သွားပါလိမ့်မယ်။

ထိုအခါ သင်နဲ့ သင့်အိမ်ထောင်ဖက်က တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမ ကူကူညီညီနဲ့ အလိုက်ဖက်ဆုံး အသင်းတစ်ခုဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

အနိုင်ရချင်စိတ်ကို ဖယ်ရှားလိုက်ပါ

တစ်ယောက်ကိုတစ်ယောက် ချစ်ကြကြိုက်ကြလို့ လက်ထပ်ယူပြီးသွားကြတဲ့အခါ စိတ်သဘောထား မတိုက်ဆိုင်ကြတဲ့အခါမျိုးလည်း ရှိကြမှာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ရန်ဆောင်ပြီး အနိုင်လိုချင်တဲ့စိတ်၊ အရွဲ့တိုက်ချင်တဲ့စိတ်ကိုလည်း ဖယ်ရှားဖို့လိုအပ်ပါတယ်။

နှစ်ဦးသားချစ်လို့ လက်ထပ်ခဲ့ကြပြီးမှ ဘာ့ကြောင့် ကိုယ့်ရဲ့အတ္တ၊ မာန်မာနများနဲ့ တစ်ယောက်ကို တစ်ယောက်နာကျင်အောင် ပြုလုပ်ချင်နေမှာလဲ။

တစ်ယောက်ကိုတစ်ယောက် မချုပ်ချယ်ပါနဲ့၊ လွတ်လပ်ခွင့်ပေးပါ

တစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်း ထပ်တူညီဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကိုယ်ကြိုက်တာကို တစ်ဖက်လူလည်း လိုက်ကြိုက်ရမယ်ဆိုတဲ့ စိတ်ကိုလည်း ဖယ်ထားဖို့လိုအပ်ပါမယ်။ ကိုယ် ကြိုက်နှစ်သက်အရာကို ကိုယ်လုပ်ချိန်လည်း ပေးဖို့လိုအပ်သလို၊ ကိုယ့်ရဲ့ လက်တွဲဖော်လည်း သူ့ရဲ့ဝါသနာပါရာကို လုပ်ခွင့်ပေးဖို့လိုအပ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ချုပ်ချယ်ထားမယ်ဆိုရင် ကြာလာတဲ့အခါ အိမ်ထောင်သက်တမ်းမှာ စိတ်မွန်းကြပ်စရာများ ဖြစ်လာမှာဖြစ်ပြီး ဘယ်လိုမှလည်း ပျော်ရွှင်နိုင်ဖွယ်ရှိတော့မှာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ထိုအိမ်ထောင်ရေးလည်း အက်ကွဲကြောင်းပါးပါးလေး ပေါ်လာပြီး အဆုံးသတ်မှာတော့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ရတဲ့ အဖြစ်မျိုးတွေ ကြုံလာရနိုင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ ယုံကြည်မှုရှိပါ

အိမ်ထောင်တစ်ခုမှာ ယုံကြည်မှုက အသက်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိဘဲနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်လို့မရပါဘူး။ တခါတရံမှာ သဝန်တိုတတ်တာမျိုးသည်လည်း ရှိနိုင်ပါတယ်။ သို့သော်ရှိသမျှ လူတိုင်းနဲ့ပတ်ပြီး သဝန်တိုတာမျိုးတွေက လူမှုဘဝ၊ လုပ်ငန်းခွင်ဘဝကို ထိခိုက်လာတာမျိုးတွေရှိနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုအပြည့်ထားပြီး တစ်ဖက်လူကလည်း သူ့ရဲ့ယုံကြည်မှုကို အလွဲသုံးစားမလုပ်မိဖို့ လိုအပ်ပါသေးတယ်။

တစ်ယောက်ကိုတစ်ယောက် အချိန်ပေးဖို့လည်း မမေ့ပါနဲ့

အရင်ခေတ်ကဆို အိမ်ထောင်တစ်အိမ်ထောင်မှာ အိမ်ထောင်ဦးစီးဖြစ်တဲ့ ယောကျာ်းလုပ်သူက အပြင်မှာ စီးပွားရှာထွက်တာနဲ့ တစ်မိသားစုလုံး အလျှံပယ်စားသောက်နိုင်တဲ့ခေတ် မဟုတ်တော့ပါဘူး။ လင်ရော မယားရော အလုပ်ထွက်လုပ်တာတောင် လောက်ငှချင်မှ လောက်ငှတဲ့ ခေတ်တစ်ခုဖြစ်လာပါတယ်။ နှစ်ယောက်စလုံး စီးပွားရှာရတဲ့အခါ တစ်ယောက်အားတဲ့အချိန် အခြားတစ်ယောက်က မအား။

ကိုယ်အားတဲ့အချိန်မှာ သူက မအားနဲ့ နှစ်ယောက်တည်း သီးသန့်နေရတဲ့အချိန်ဆိုတာ ရွှေထက်တောင် ရှားပါးလာပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ကို တစ်ယောက် စုံတွဲအဖြစ်၊ လင်မယားအဖြစ် ရိုမန့်တစ်ဆန်တဲ့ အချိန်တစ်ခု သီးသန့်ဖန်တီးဖို့လိုအပ်ပါလိမ့်မယ်။

တစ်ယောက်ကိုတစ်ယောက် အချိန်မပေးဘဲ သူစိမ်းဆန်ဆန် နေထိုင်မယ်ဆိုရင်တော့ ကြာလာတဲ့အခါ တဖြည်းဖြည်းနဲ့ သွေးအေးသွားပြီး အချစ်တွေလည်း ကုန်ဆုံးသွားပါလိမ့်မယ်။

ခွင့်လွှတ်တတ်ဖို့လည်း သင်ယူရပါမယ်

ကိစ္စအသေးအဖွဲလေးကအစ လိုက်ပြီး တွက်ကပ်နေမယ်ဆိုရင်တော့ တစ်ဖက်လူအတွက်လည်း စိတ်ညစ်စရာဖြစ်လာပါလိမ့်မယ်။ သူနဲ့ ကိုယ်နဲ့က အကြိုက်တွေ တူချင်မှလည်း တူမှဖြစ်ပြီး ပြုမူနေထိုင်ပုံသည်လည်း ကွဲပြားနိုင်ပါတယ်။ ဥပမာ ကိုယ်က ပစ္စည်းတွေကို သေသေသပ်သပ် ထားတတ်ပြီး ကိုယ့် လက်တွဲဖော်က ပစ္စည်းတွေကို တွေ့ကရာနေရာမှာ ပစ်ထားတတ်မယ်ဆိုရင် ကိုယ်က အမြင်မတော်ဘူးဆိုရင် ကြည့်ဖြေရှင်းလိုက်ပါ။

ပစ္စည်းတွေကို ဟိုလို ထားခဲ့ပြန်ပြီ၊ ဒီလိုထားခဲ့ပြန်ပြီဆိုပြီး ပစိပစပ် များနေမယ့်အစား သင် ကိုယ်တိုင်ပဲ သန့်ရှင်းရေး လုပ်လိုက်ပါ။ တစ်ဖက်မှာလည်း ကိုယ့်ဘက်က မကြိုက်ကြောင်းကို ပြောပြပေးဖို့လည်း လိုအပ်ပါတယ်။ တစ်ဖက်က သိမှသာလျှင် သူလည်း ဆင်ခြင်နိုင်မှာဖြစ်ပါတယ်။

Source: Brightside.me