Mystyle Myanmarရဲ့ စာဖတ်ပရိသတ်အားလုံး မဂ်လာပါနော်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ နေ့လည်နေ့ခင်းရောက်လာတဲ့အချိန်ကျရင် ပင်ပန်းနွမ်းနယ်ပြီးမောပန်းသလိုလို အိပ်ငိုက်ချင်သလိုလို ဖြစ်တတ်တဲ့သူလေးတွေအတွက် တစ်နေ့တာလုံး လန်းဆန်းတက်ကြွပေါ့ပါးနေစေမယ့် နည်းလမ်းကောင်းလေးတွေပဲ့ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေက နေ့တိုင်းရုံးတက်ရုံးဆင်းလုပ်နေရတဲ့သူတွေအတွက် ပိုပြီးအကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။

ဒါကြောင့် နေ့လည်နေ့ခင်းဆိုရင် ငိုက်မြည်းနေတတ်တဲ့မျက်လုံးတွေဖွင့်နိုင်ဖို့ ကော်ဖီတွေအများကြီးသောက်နေရတဲ့ ဒုက္ခကနေကင်းဝေးစေဖို့ သင့်ကို တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေဖို့ အထောက်အကူအများကြီးဖြစ်စေတဲ့ ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ပေးကြည့်ဖို့ တိုက်တွန်းပါရစေနော်။

နေ့လည်ခင်းမှာ အဆာပြေတစ်ခုခုစားပါ

နေ့လည်ခင်းမှာ အဆာပြေလေးတစ်ခုခုစားဖို့ သင့်ခန္ဓာကိုယ်က လိုအပ်ပါတယ်။ အဲ့လို အဆာပြေလေးစားလိုက်ရင် ခန္ဓာကိုယ်မှာ အားပြန်ရှိလာမှာဖြစ်ပါတယ်။

အဆာပြေစားတဲ့အခါမှာ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ရွေးပါ။ အုတ်ဂျုံ၊ Greek Yogurt၊ အသီးအနှံတွေကိုလည်း စားပေးပါ။

ချောကလက်လည်း စားပေးလို့ရပေမယ့် အမည်းရောင် ချောကလက် (Dark Chocolate) ကိုပဲစားပါ။ ချောကလက် အမည်းမှာ သကြားပါဝင်မှုနည်းပြီး ကဖိန်းဓာတ်ပိုများတာကြောင့် သင့်ခန္ဓာကိုယ်ကို လန်းဆန်းစေမှာဖြစ်ပါတယ်။

အဆာပြေစားပေမယ့် သကြားများတဲ့ အစားအစာ၊ အဆီဓာတ်များတဲ့ အစားအစာတွေကို မစားပါနဲ့။ ဒါတွေက လူကို ပိုပြီးအိပ်ငိုက်စေပါတယ်။

သံပုရာရည်ကို သောက်ပါ

ကော်ဖီမသောက်ဘဲ သံပုရာရည်ကို သောက်ကြည့်ပါ။ သံပုရာရည်က လူကို တက်ကြွပြီး အားဖြစ်စေပါတယ်။ အဲ့ဒီအပြင် စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပြီး စိတ်ခံစားချက်ကိုလည်း မြှင့်တက်စေပါတယ်။

အေးတဲ့ရေ မျက်နှာပေါ် ပက်ဖြန်းပေးပါ

အေးတဲ့ရေကို မျက်နှာပေါ်မှာ ပက်ဖြန်းပေးပါ။ ဒါဆိုရင် တစ်နေ့တာလုံး သင့်ဆီမှာရှိနေတဲ့ စိတ်ဖိစီးမှုတွေ လျော့ကျသွားမှာပဲ့ဖြစ်ပါတယ်။

အကြောဆန့်ပြီး ပြင်ပလေကို ရှူရှိုက်ပေးပါ

ထိုင်ခုံပေါ်မှာ အချိန်အကြာကြီးထိုင်နေတာမျိုးက လူကို ပိုပြီးနုံးစေပါတယ်။ ဒါ့ကြောင့် အလုပ်လုပ်တာ ခဏနားပြီး ဦးနှောက်ကို အောက်စီဂျင်ရအောင် အသက်ရှူပြီး အကြောဆန့်တာမျိုး လုပ်ပေးပါ။

နေရောင်အလင်းရအောင် လုပ်ပါ။

ရုံးမှာ အဲကွန်းအပြည့်နဲ့ မီးချောင်းမီးချည်းနဲ့ပဲ နေရင် ပိုပြီး ပင်ပန်းနွမ်းနယ်လွယ်ပါတယ်။ ဒါ့ကြောင့် နေရောင်ကိုလည်း ရအောင်လုပ်ပါ။ သဘာဝအလင်းရောင်ခြည်က အလုပ်လုပ်တဲ့အခါမှာလည်း သင့်ကိုပိုပြီးတက်ကြွစေပါတယ်။