အသုံးအဆောင် လက်ဝတ်ရတနာတွေက သင့်ဖက်ရှင်စတိုင်ကို လှပလာအောင် အထောက်အကူပေးနိုင်တယ်ဆိုလည်း မမှားပါဘူး။ လည်ပင်းအဟိုက် အင်္ကျီလေးဝတ်တဲ့အခါ ဆွဲကြိုးလေးဝတ်လိုက်မယ်ဆို ဘာမှမဝတ်ထားတာထက်စာရင် ကြည့်ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဆွဲကြိုး၊ လက်ကောက် စတဲ့ အသုံးအဆောင်တွေကို စုံစေ့နေအောင်ဝတ်တဲ့အခါ မြင်ရတဲ့သူအဖို့ ရှုပ်ထွေးပြီး သင့်ကိုကြည့်ရဆိုးစေမှာ အမှန်ပါပဲ။

ဒါ့ကြောင့် ရှုပ်ထွေးနေတဲ့ ဖက်ရှင်ကို ရှောင်ရှားနိုင်ဖို့အတွက် နည်းလမ်းအချို့ ဝေမျှပေးလိုက်ရပါတယ်။

အသုံးအဆောင်ပစ္စည်း အကြီးကြီးတွေဝတ်မယ်ဆို ၃ ခုထက်ပိုမဝတ်ပါနဲ့

နာရီ၊ လက်ကောက်စတဲ့အသုံးအဆောင်တွေကို တစ်ချိန်တည်းမှာပဲဝတ်လို့ရပေမယ့် ဆွဲကြိုးအကြီးကြီး လက်ကောက်အကြီးကြီးဝတ်မယ်ဆိုရင်တော့ အမျိုးအစား ၃ ခုထက် မပိုပါစေနဲ့။

ကော်လံအကြီးပါတဲ့ အင်္ကျီဝတ်ထားတဲ့အခါ လည်စည်းပုဝါမပတ်ထားပါနဲ့

လည်စည်းပုဝါပတ်ထားမယ့်အစား လက်ကိုင်ပုဝါအသေးစားကို လည်ပင်းမှာချည်ထားတာပဲဖြစ်ဖြစ်၊ အင်္ကျီအောက်တစ်ထပ်မှာ ချည်ထားတာပဲဖြစ်ဖြစ် ပြုလုပ်ပေးပါ။

သေးတဲ့လက်ဝတ်ရတနာတွေ ဝတ်ဆင်မှသာ လက်ဝတ်ရတနာတစ်ဆင်စာလုံး ဆင်မြန်းပါ

လက်စွပ်၊ ဆွဲကြိုး၊ လက်ကောက်၊ နားဆွဲ လက်ဝတ်ရတနာတစ်ဆင်စာဝတ်ဆင်တဲ့အခါ ဖက်ရှင်ကျမှာမဟုတ်ဘူးလို့ တစ်ချို့တွေယူဆကြပါတယ်။ ဒါပေမဲ့ လက်ဝတ်ရတနာ အကြီး၊ အသေးပေါ် မူတည်သွားပါလိမ့်မယ်။ အကယ်၍ လက်ဝတ်ရတနာက သေးတယ်ဆိုရင် တစ်ဆင်စာဝတ်တဲ့အခါ ကျက်သရေရှိပြီး ကြည့်ကောင်းနေမှာပါ။

လက်ကိုင်အိတ်အရောင်နဲ့ ဖိနပ်အရောင် တူရမယ်ဆိုတဲ့ စည်းမျဉ်းကို မေ့ပစ်လိုက်ပါ

သင့်ဖိနပ်က အရောင်တောက်တယ်ဆိုရင် အရောင်ဖျော့တဲ့အိတ်ကို ကိုင်တွယ်ပါ။

ညနေခင်းပွဲတက်ဝတ်စုံ ဝတ်တဲ့အခါ နာရီမဝတ်ပါနဲ့

အားကစားဝတ်စုံ၊ ပေါ့ပေါ့ပါးပါးစတိုင်၊ ရုံးတက်တဲ့ဝတ်စုံတွေနဲ့တော့ နာရီက လိုက်ဖက်ပေမယ့် ပွဲတက်ဝတ်စုံနဲ့ တွဲဖက်လိုက်မယ်ဆိုရင်တော့ ဘယ်လိုမှ လိုက်ဖက်မှုမရှိတာကို တွေ့ရမှာပါ။ ပွဲတစ်ခုခုရှိလို့ ညနေခင်းပွဲတက်ရတဲ့အခါ နာရီအစား လက်ကောက်ပြောင်းဝတ်ပါ။

လက်စွပ်အကြီးကြီးတွေက လူတိုင်းနဲ့ မလိုက်ဖက်ပါဘူး

လက်စွပ်ထူပြီး အရွယ်အစားကြီးတာတွေကို လက်ချောင်းတိုတုတ်တဲ့သူတွေ ရှောင်ကြဉ်သင့်ပါတယ်။ ပါးလွှာတဲ့ လက်စွပ်များကတော့ သင့်လက်ချောင်းများကို သေးသွယ်တဲ့ပုံပေါက်စေပါတယ်။

အရောင်နုတဲ့ အဝတ်အစားဝတ်တဲ့အခါ အမဲရောင်ဖိနပ်မဝတ်ပါနဲ့

အရောင်နုတဲ့ အဝတ်အစားဝတ်တဲ့အခါ အညိုရောင် (သို့) အသားရောင်စတဲ့ အရောင်ဖျော့တဲ့ဖိနပ်ကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

ရိုးရာလက်ဝတ်လက်စားများကို သဘာဝဆန်တဲ့အရောင်များနဲ့သာ တွဲဖက်ဝတ်ဆင်ပါ

ချည်ကြိုး၊ ပုတီးစေ့များ၊ ရိုးရာအဆင်ပါဝင်တဲ့ လက်ကောက်၊ ဆွဲကြိုးတို့ကိုဝတ်ဆင်တဲ့အခါ အရောင်တောက်တောက်အဝတ်အစားတွေထက်စာရင် သဘာဝအရောင်များကိုသာ ဦးစားပေးဝတ်ဆင်ပါ။

Source: Brightside.me