ဘယ်သူမဆို ထူထူစင်းစင်း မျက်ခုံးမွေးပိုင်ရှင်တွေ ဖြစ်ချင်ကြမှာပါ။ အခုနောက်ပိုင်းမှာ မျက်ခုံးမွေးလိမ်း Serums တွေ ပေါ်လာတာကလည်း သတင်းကောင်းပါပဲ။ တံဆိပ်အမျိုးမျိုး ကွဲပေမယ့် ဒီ Serum တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေက အတူတူပါပဲ။

Biotin ၊ Panthenol ၊ Amino Acids နဲ့ အမွေးအမှင်နူးညံ့သန်စွမ်းစေတဲ့ အဆီ Oils တွေ ပါဝင်ပါတယ်။ ဒီတစ်ခါမှာ မျက်ခုံးမွေးကောင်းချင်သူတွေအတွက် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) သဘာဝအဆီ သုံးပါ

သဘာဝအဆီနဲ့ အပင်ထွက် အဆီတွေက အမွေးအမှင်သန်စွမ်းရေးမှာ ကုန်ကျစရိတ်နည်းနည်းနဲ့ ထိရောက်မှုရှိပါတယ်။ သုံးရတာလည်း လွယ်ပါတယ်။ သံလွင်ဆီ ၊ ဗိုက်တာမင်အီးအဆီ စတဲ့ သဘာဝအဆီကို မျက်ခုံးပေါ် ပုံမှန် လနဲ့ချီ လိမ်းပေးသွားရင် ထူးထူးခြားခြား မျက်ခုံးမွေးကောင်းလာမှာပါ။

မျက်ခုံးမွေးရဲ့ သန်စွမ်းမှုစက်ဝန်းဟာ ၄ လ ကြာပါတယ်။ ဒါကြောင့် လနဲ့ချီပြီး Natural Oil လိမ်းပေးရင် သိသိသာသာ ထူးခြားလာမှာ ဖြစ်ပါတယ်။

(၂) မျက်ခုံးကို ဆေးရောင်ဆိုးပါ

မျက်ခုံးမွေး ချက်ချင်းထူလာသယောင် ဖြစ်စေဖို့ မျက်ခုံးမွေးကိုလည်း ဆေးဆိုးလို့ ရပါတယ်။ ဆံပင်နက်ဆေး ဆိုးသလိုပါပဲ။ ဒါကလည်း Grooming လုပ်တာ ဖြစ်ပါတယ်။

တစ်ခုရှိတာက မျက်ခုံးမွေးတို့ ဆံပင်တို့ကို ဆေးဆိုးတာက ၃ ပတ်ကနေ ၈ ပတ်အကြားပဲ ခံပါတယ်။ နောက်ပြီး Biotin လို ဖြည့်စွက်ဆေးတွေလည်း ကျန်းမာရေးအတွက်စားပေးသင့်ပါတယ်။

(၃) စိတ်ဖိစီးမှု နည်းပါစေ

စိတ်ဖိစီးမှုနည်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ၊ တရားထိုင်ခြင်းနဲ့ ယောဂလှုပ်ရှားမှုတွေကလည်း မျက်ခုံးမွေးနဲ့ ဆံပင်ကျန်းမာသန်စွမ်းရေးအတွက် ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အိပ်ရေးဝအောင် အိပ်ပါ။ စိတ်ပင်ပန်းမှုနဲ့ ဖိစီးမှုတွေ တတ်နိုင်သမျှ လျှော့ချပါ။