အခုနောက်ပိုင်း ဓာတ်ပုံနဲ့အတူ နောက်ခံသီချင်းပါ ထည့်လို့ရနေပါပြီ။ ဒီလိုထည့်လို့ရတာကို လူငယ်အများစု သုံးလေ့ရှိတဲ့ Social Media Platform တွေ ဖြစ်တဲ့ Instagram ရော၊ Facebook မှာပါ ထည့်လို့ရပါတယ်။ သင်က ဒီလို သီချင်း နောက်ခံထည့်တဲ့အခါကျရင် ဘယ်လိုသီချင်းတွေ ထည့်လေ့ရှိလဲ။ သင့်ခေါင်းထဲ ပေါ်လာတဲ့သီချင်းတွေပဲ ထည့်လေ့ရှိလား၊ ဒါမှမဟုတ် လတ်တလော ရေပန်းစားနေတဲ့ သီချင်းတွေကို ထည့်လေ့ရှိလား၊ သင်နှစ်သက်တဲ့ သီချင်းတွေကို ထည့်လေ့ရှိလား။ ဒီတစ်ခေါက်မှာတော့ အင်္ကျီလှလှလေးနဲ့ ပုံတင်တဲ့အချိန် နောက်ခံသီချင်းအနေနဲ့ ထည့်နိုင်တဲ့ လိုက်ဖက်တဲ့ သီချင်းတွေကို ဖော်ပြပါရစေ။ သင် နောက်တစ်ခါ အင်္ကျီလှလှလေး ဝတ်ပြီး ပုံတင်တဲ့အချိန် ဒီသီချင်းတွေက ပိုအသက်ဝင်အောင် ပံ့ပိုးပေးပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-
၁။ Made You Look – Meghan Trainor
ဘယ်လိုအဝတ်အစားပဲ ဝတ်ထားပါစေ လူတိုင်း လည်ပြန်လှည့်ကြည့်ရတဲ့အထိ လှကြောင်း၊ အထာကျကြောင်း ဆိုထားတဲ့ သီချင်းပါ။ ဒီသီချင်းက သင့် Outfit ကို ပံ့ပိုးပေးမှာ မလွဲမသွေပါပဲ။
၂။ Hotter Than Hell- Dua Lipa
ငါက ငရဲထက် ပိုပူလောင်ကြောင်း (ပိုမိုက်ကြောင်း၊ ပိုလှကြောင်း) ဆိုထားတဲ့ Dua Lipa ရဲ့ သီချင်းဖြစ်ပါတယ်။ သင်က အရမ်းလှကြောင်း ဆိုထားတဲ့ သီချင်းလို့ ဆိုနိုင်ပါတယ်။
၃။ Material Girl- Madonna
ကျွန်မက အင်္ကျီအဝတ်အစားတွေ၊ အရာဝတ္တုတွေ၊ လက်ဝတ်ရတနာတွေကို မက်မောသူ ဖြစ်ကြောင်း ဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းက Madonna ရဲ့ နာမည်ကျော် သီချင်းဖြစ်တာကြောင့် လိုက်ဆိုလို့ပါ ရတဲ့ သီချင်း ဖြစ်ပါတယ်။
၄။ Dressin’ Up- Katy Perry
ဒီညတော့ မင်းအတွက် အလှဆုံး ဝတ်ထားမယ်ဆိုပြီး ချစ်သူကောင်လေးအတွက် ပြင်ဆင်ထားတဲ့ မိန်းကလေးတွေအတွက် အသုံးဝင်မယ့် သီချင်း ဖြစ်ပါတယ်။
၅။ Dress- Taylor Swift
ဒါကလည်း ချစ်သူကောင်လေးအတွက် ရည်ရွယ်တဲ့ သီချင်းပါပဲ။ ဒါပေမဲ့ Taylor Swift ရဲ့ သီချင်းက သင့်ကို ပိုပြီး ဆွဲဆောင်မှုရှိကာ စတိုင်ကျတဲ့ ကောင်မလေးအနေနဲ့ ပံ့ပိုးပေးပါလိမ့်မယ်။
၆။ Freakum Dress- Beyonce
သူ့ကို နောင်တရအောင် လုပ်တဲ့အနေနဲ့ လှလှလေး ဝတ်ပြလိုက်စမ်းပါ ဆိုပြီး ညွှန်ကြားထားတဲ့ Beyonce ရဲ့ သီချင်း ဖြစ်ပါတယ်။
တခြား Outfit နဲ့ လိုက်ဖက်တဲ့ သီချင်းတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။
Photo Source: Pinterest
By MyStyle Myanmar