ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာအသုံးမပြုတဲ့သူဆိုတာ ခပ်ရှားရှားရယ်ပါ။ နည်းပညာတိုးတက်ပြီး လူတိုင်းလိုလို ဖုန်းကိုင်လာနိုင်တာနဲ့အမျှ လူတစ်ယောက်စီမှာ အနည်းဆုံး ဖေ့ဘွတ်ခ်အကောင့် တစ်ခုစီတော့ရှိကြပါတယ်။

အားလပ်ချိန်တွေမှာ စိတ်အပန်းဖြေဖို့ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုကြတာဖြစ်တာကြောင့် ကိုယ့်ကိုစိတ်အနှောက်ယှက်ဖြစ်စေမယ့် လူတွေကိုတော့ Unfollow လုပ်ထားဖို့ လိုပါလိမ့်မယ်။

(၁) အဆိုးမြင်စိတ်များသူ

လောကမှာ အဆိုးမြင်ဝါဒီသမားတွေက ဝေးဝေးရှောင်သင့်တဲ့အထဲမှာ ပါပါတယ်။ ကိုယ်တိုင်လည်း ဘယ်အရာကိုမှ စိတ်အလိုကျတယ်ဆိုတာမရှိသလို ကိုယ့်ပတ်ဝန်း ကျင်ကလူတွေကိုလည်း အပူတွေ ကူးစက်တတ်စေတဲ့ လူမျိုးတွေပါ။ ဒါကြောင့် အဆိုးမြင်စိတ်များတဲ့သူတွေဟာ ဖေ့ဘွတ်ခ်မှာ Unfollow လုပ်ထားရုံသာမက ပြင်ပလောကမှာလည်း Black List ထဲ ထည့်ထားသင့်ပါတယ်။

(၂) Status တင်လွန်းသူ

ကိုယ့်ရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာ ကိုယ်စိတ်ကြိုက်ရေး ချင်တာရေးခွင့်ရှိပါတယ်။သို့သော်လည်း ဖေ့ဘွတ်ခ် ဆိုတာ ကိုယ်တစ်ယောက်ထဲအတွက် သီးသန့်ပြုလုပ်ပေးထားတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်တော့မဟုတ်ပါဘူး။ဒါကြောင့်ကိုယ်ရဲ့ခံစားချက်တိုင်း စိတ်ထဲရှိသမျှ အရာတိုင်းကို ၅ မိနစ်တစ်ခါ Status တင်နေလို့ မသင့် တော်ပါဘူး။ဒါပေမယ့်လဲထမင်းစားသောက်ကအစ အားနေရင် status တင်တက်တဲ့သူတွေရှိတာကြောင့် ဒီလိုလူတွေကိုလည်း Unfollow လုပ်ထားသင့်ပါတယ်။

(၃) လူအထင်ကြီးခံချင်သူ

ဆိုရှယ်မီဒီယာပေါ်မှာ လူအထင်ကြီးတာခံရပြီး Like တွေ အများကြီးရတာကို လူအများစုနှစ်သက်ကြပါတယ်။ တန်ဖိုးကြီးရတနာပစ္စည်းတွေ ကားတွေ ဟိုတယ်အကောင်းစားတွေ Bar တွေ Club တွေသွားတဲ့ ဓာတ်ပုံတွေ စသည်ဖြင့် လူအထင်ကြီးစေမယ့် အကြွား Post တွေ တင်နေခြင်းကလည်း အားကျသူတွေအဖို့ အားကျနိုင်ပေမယ့် အများစုကတော့ နှစ်သက်သဘော ကျလေ့မရှိကြပါဘူး။ ဒီလိုလူတွေအကောင့်ကနေ ကိုယ့်အတွက် ဗဟုသုတရစရာ ဘာတစ်ခုမှ Sharing လုပ်ပေးတာမရှိတဲ့အတွက် Unfollow လုပ်ထားတာ အကောင်းဆုံးပါ။

(၄) အွန်လိုင်းရှော့ပင်းလုပ်သူ

အွန်လိုင်းပေါ်မှာ စီးပွားရှာတာဟာ အပြစ်တစ်ခုတော့ မဟုတ်ပါဘူး။ အွန်လိုင်းရှော့ပင်းလုပ်သူတိုင်းကို မရည်ညွှန်းပေမယ့် အွန်လိုင်းပေါ်မှာ ပစ္စည်းတစ်ခုရောင်းတိုင်း ကိုယ်နဲ့သိသိမသိသိ Tag တွဲပြီး ရောင်းနေတဲ့ အွန်လိုင်းရှော့ပင်းလုပ်သူတွေကတော့ တကယ့်ကို စိတ်အနှောက်ယှက်ဖြစ်စေရမှာ သေချာပါတယ်။ ဒါကြောင့် ဒီလို Ethic မရှိတဲ့ အကောင့်ပိုင်ရှင်တွေကိုလည်း Unfollow လုပ်ထားသင့်ပါတယ်။