လူတိုင်းက ကိုယ်ချစ်ရတဲ့သူနဲ့ လက်ထပ်ပြီးသွားတဲ့နောက်မှာ ဘဝသက်ဆုံးတိုင် ချစ်ချစ်ခင်ခင်နဲ့ လက်တွဲသွားချင်ကြသူတွေချည်းပါပဲ။ သို့သော် အိမ်ထောင်တစ်ခု ရေရှည်တည်မြဲစေချင်တယ်ဆိုရင်တော့ သိထားသင့်တဲ့ လက္ခဏာ အချို့ရှိပါတယ်။ ဒီလိုမျိုး လက္ခဏာများကို ကြုံတွေ့ရပြီဆိုရင်တော့ သင့်ရဲ့ အိမ်ထောင်ရေးမှာ အဖုအထစ်များ ဖြစ်ပေါ်နေပြီး ရေရှည်မှာ တည်မြဲနိုင်မှာ မဟုတ်ပါဘူး။

ကလေးဘဝတုန်းက ဓာတ်ပုံများမှတဆင့် သိရှိနိုင်ခြင်း

ငယ်ရွယ်စဥ် ကလေးဘဝတုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံများမှတဆင့် ထိုအိမ်ထောင်ဟာ ရေရှည်မှာ တည်မြဲနိုင်မလားဆိုတဲ့ လက္ခဏာတစ်ခုကို သိရှိနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ သိပ္ပံပညာရှင်များဟာ ကျောင်းသားများရဲ့ Yearbook ကို ကြည့်ရှုပြီး ထိုဓာတ်ပုံများထဲမှ သူတို့ရဲ့ အရယ်အပြုံးများကို ၁ ကနေ ၁၀ အထိ အမှတ်ပေးစေပါတယ်။

လေ့လာချက်အရ ပြုံးရယ်ပုံပထမအမျိုးအစားကတော့ ပါးစပ်ကြွက်သားများကို တင်းတင်းစေ့ထားပြီး နောက်တစ်မျိုးကတော့ မျက်ဝန်းတစ်ဝိုက်မှာ အရေးအကြောင်းများပေါ်သည်အထိ ပြုံးရယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ရယ်မောခြင်း အမှတ်အရ ၁၀ မှတ်အပြည့်ရတဲ့သူတွေသည် ကွာရှင်းခြင်းအဖြစ်မျိုး မကြုံတွေ့ကြရဘဲ မှုန်ကုတ်ကုတ်မျက်နှာနှင့် ဓာတ်ပုံရိုက်ထားသူများကတော့ အခြားသူများထက် ကွာရှင်းနိုင်ခြေ ၅ ဆ ပိုများနေတာကို တွေ့ရပါတယ်။

သူတို့ရဲ့ စကားပြောတဲ့အသံအနိမ့်အမြင့်အရ

ကွန်ပျူတာစနစ်တစ်ခုကနေပြီး စုံတွဲတစ်တွဲက နှစ်ယောက်သား ပြောဆိုဆက်ဆံတဲ့ အသံအနိမ့်အမြင့်ပေါ်မူတည်ပြီး ထိုအိမ်ထောင်ရေး ရေရှည်တည်မြဲနိုင်မလားဆိုတာကို ၇၉ ရာခိုင်နှုန်းခန့် တိကျစွာ ခန့်မှန်းပေးနိုင်ပါတယ်။ သိပ္ပံပညာရှင်များဟာ စုံတွဲ အတွက် ၁၀၀ ကို စိတ်ပညာရှင်များထံ ဆွေးနွေးမှု ခံယူစေပြီး သူတို့ရဲ့ ပြောစကားများကို မှတ်တမ်းတင်ထားစေပါတယ်။

ထို့နောက် ထိုစုံတွဲကို ၅ နှစ်ကြာ စောင့်ကြည့်ပါတယ်။ ထိုလေ့လာချက်အရ ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် စကားပြောတဲ့ အသံအနိမ့်အမြင့်သည်လည်း အိမ်ထောင်တည်မြဲပါ့မလားဆိုတဲ့ လက္ခဏာတွေထဲက အရေးကြီးတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်များကရော ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲ

ဒန်းနစ်လူမျိုး သုတေသနပညာရှင်များရဲ့ လေ့လာချက်အရ လူတစ်ယောက်ရဲ့ အိမ်ထောင်ဖက်ဟာ သူ့ရဲ့ လုပ်ငန်းခွင့် ပတ်ဝန်းကျင်မှာ ဆန့်ကျင်ဘက်လိင် လုပ်ဖော်ကိုက်ဖက်များ များပြားနေပါက ကွာရှင်းနိုင်ခြေ ၁၅ ရာခိုင်နှုန်းခန့် ပိုများတာကို လေ့လာတွေ့ရှိရပါတယ်။ ထိုသုတေသန လေ့လာချက်ကို တွင်တွင်ကျယ်ကျယ် လုပ်လိုက်တဲ့အခါမှာတော့ ထိုတွေ့ရှိချက်က မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ထိုသုတေသနပညာရှင်များဟာ ဒိန်းမတ်နိုင်ငံအတွင်း ၁၉၈၁ နှင့် ၂၀၀၂ ခုနှစ်အကြား လက်ထပ်ခဲ့တဲ့ စုံတွဲများအားလုံးကို လေ့လာခဲ့ကြပါတယ်။ မြောက်မြားစွာသော စုံတွဲများအနက် စုံတွဲတစ်သိန်းကတော့ ကွာရှင်းပြတ်စဲခဲ့ပြီးသားဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။

မိခင်ဖြစ်သူထံမှ ရရှိခဲ့တဲ့ ထိန်းကျောင်းမှုပုံစံ

ကွာရှင်းမှုကို တောင်းလျှောက်တဲ့နေရာမှာ အမျိုးသမီးတွေက ပိုများပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်များအရ လူတော်တော်များများဟာ သူတို့မိဘ၊ အထူးသဖြင့် သူတို့ မိခင်ရဲ့ အပြုအမူကို ပုံတူကူးလေ့ရှိကြပါတယ်။ လူမှုဗေဒပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ လူ ၇၀၀၀ တွင် သူတို့ရဲ့ မိခင်က အိမ်ထောင်အသစ် ထူထောင်ထားပါက သူတို့လည်း ထိုကဲ့သို့ ပြုမူကြတာကို တွေ့ရှိခဲ့ရပါတယ်။

သဘောထား မတိုက်ဆိုင်ခြင်းများကို လျစ်လျူရှုထားခြင်း

မတူညီတဲ့ လူသားနှစ်ယောက်၊ နှစ်ယောက်တစ်ဘဝ ထူထောင်ခြင်းဟာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ သဘောထားမတိုက်ဆိုင်တာမျိုးကလည်း မကြာခဏဆိုသလို ကြုံတွေ့ရမယ့်အရာဖြစ်ပါတယ်။ ဒါပေမယ့် သဘောထား မတိုက်ဆိုင်လို့ဆိုပြီး ထိုအရာကို လျစ်လျူရှုထားခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။

ဒီလိုပြုမူပါက ထိုအိမ်ထောင်ရေးဟာ ပွင့်လင်းမြင်သာခြင်းနှင့် ရိုးသားမှု မရှိခြင်းတို့ကို ဖော်ပြနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ အင်မတန်မှ အန္တရာယ်များတဲ့ အပြုအမူ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ လျစ်လျူရှုထားခြင်းက ပိုမိုများပြားလာပါက နှစ်ယောက်စလုံးအတွက် ပြဿနာများကို ဘယ်တော့မှ ဖြေရှင်းနိုင်တော့မှာမဟုတ်ပါဘူး။

ဆင်းရဲခြင်းနှင့် အလုပ်အကိုင်မရှိခြင်း

တူနှစ်ကိုယ်၊ တဲအိမ်လေးထဲမှာပဲ နေရ နေရ ဆိုတာကတော့ တကယ့် လက်တွေ့ဘဝမှာ အလုပ်မဖြစ်ပါဘူး။ လက်တွေ့လောကကြီးမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး ချစ်ခြင်းတရားဟာ စားဝတ်နေရေး အပူတွေနဲ့ ယှဥ်လာတဲ့အခါ တဖြည်းဖြည်း ဘေးရောက်လာတတ်ပါတယ်။

အိမ်ထောင်တစ်ခုမှာ ဆင်းရဲခြင်းနှင့် အလုပ်အကိုင်မရှိခြင်းတို့ စုဆုံလာမယ်ဆိုရင်တော့ ထိုအိမ်ထောင်ရေးသည်လည်း ရေရှည်မှာ တည်မြဲနိုင်မှာမဟုတ်တော့ဘူးလို့ ကျွမ်းကျင်ပညာရှင်များက ပြောကြားထားကြပါတယ်။

Source: Brightside.me