တခြားသူဆီက ချီးကျုးစကား ရဖို့၊ တခြားသူ အထင်ကြီးဖို့၊ ကောင်လေး အတွက် စတဲ့ ရည်ရွယ်ချက်တွေနဲ့ လှလှလေး ဝတ်တာမျိုး မဖြစ်သင့်ပါဘူး​။ သင့်ကိုယ် သင် လေးစားဖို့၊ သဘောကျဖို့ အဝတ်အစား လှလှလေး ဝတ်တာပဲ ဖြစ်သင့်ပါတယ်။ ဘာလို့အဲ့လို ဖြစ်သင့်တာလဲဆိုတာ သိဖို့ အောက်ဖော်ပြပါ အကြောင်းပြချက်တွေကို ကြည့်လိုက်ပါနော်-

၁။ အောင်မြင်တဲ့ အမျိုးသမီးတွေကကော အဝတ်အစားကို ဘယ်လိုတွေးပြီး ဝတ်လဲ

သင်က သူများတွေ အထင်ကို ဂရုစိုက်ပြီး ဝတ်တဲ့အချိန် စဉ်းစားသင့်တာက အောင်မြင်တဲ့ အမျိုးသမီးတွေကကော အဝတ်အစားကို ဘယ်လိုတွေးပြီး ဝတ်လဲ ဆိုတဲ့ မေးခွန်းပါ။ Taylor Swift, Michelle Obama စတဲ့ အမျိုးသမီးတွေကတော့ အမျိုးသားတွေအတွက် ဝတ်တာ လုံးဝ မဖြစ်နိုင်ပါဘူး။

၂။ တခြားသူတွေ သက်သောင့်သက်သာ မဖြစ်မှာ စိတ်မပူပါနဲ့

ဥပမာ- သင်က မြို့သေးသေးလေးမှာ နေတဲ့သူဖြစ်တာကြောင့် ခပ်လန်းလန်းတွေ ဝတ်လိုက်ရင် လူတွေ အမြင် သက်သောင့်သက်သာ မဖြစ် ဖြစ်နေမလား၊ သူတို့ အထင်သေးသွားမလား စတဲ့ အတွေးတွေ ဝင်နိုင်ပါတယ်။ ဒီအတွေးတွေ ဝင်လာတိုင်း ချက်ချင်းရပ်ပြီး ကိုယ် ဝတ်ချင်တာ ဝတ်သင့်ပါတယ်​။

၃။ သင်သက်သောင့်သက်သာ ဖြစ်နေမယ်

သင် သဘောကျတာသာ ဝတ်ရမယ်ဆိုရင် ကျေနပ်မှု ရှိနေမှာပါပဲ။ သင်က လူတွေရဲ့ ထင်မြင်ချက်ကို မတွေးသရွေ့၊ သင် ဝတ်တာကို သင် ကြိုက်နေသရွေ့ ဒေါက်ဖိနပ် အမြင့်ဆိုရင်တောင် သက်သောင့်သက်သာ ဖြစ်နေမှာပါ။

၄။ ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတာ သတိရပါ

သင်က အပြင်ထွက်ပြီး မိသားစုအတွက် တစ်ခုခု သွားဝယ်ရမယ်လို့ မှတ်လိုက်ပါ။ သူများ ဝတ်လာတာကို ခဏတဖြုတ် ကြည့်လိုက်မိတာက လွဲရင် တောက်လျှောက်တွေးနိုင်မှာ မဟုတ်ပါဘူး။ တခြားသူတွေလည်း ဒီလိုပါပဲ။ သင် ဝတ်တာကို လူတွေက အချိန်ကုန်ခံပြီး လိုက်ဝေဖန် နေမှာ မဟုတ်ဘူးဆိုတာ သတိရသင့်ပါတယ်။

၅။ ယောကျာ်းလေး တစ်ယောက်က သင်ဝတ်တာကို မကြိုက်ခဲ့ရင်

သင် စိတ်ဝင်စားတဲ့ ယောကျာ်းလေးက သင် အတို မဝတ်လို့ မကြိုက်ဘူးဆိုရင် ဆက်စိတ်မဝင်စားပါနဲ့တော့လို့ အကြံပေးပါရစေ။ သင်က သင်ဘာဝတ်ဝတ် သဘောကျမယ့် ယောကျာ်းလေးနဲ့ပဲ ထိုက်တန်ပါတယ်။

၆။ သူငယ်ချင်းတွေလည်း ဒီလိုပါပဲ

သင့်စတိုင်က သူငယ်ချင်းတွေရဲ့ Aesthetic Vibe နဲ့ မလိုက်လို့ သူငယ်ချင်းတွေက စတိုင်ပြောင်းခိုင်းမယ်ဆိုရင် ဒီသူငယ်ချင်းနဲ့ ဆက်ပေါင်းသင့် မပေါင်းသင့် စဉ်းစားသင့်ပါပြီ။

၇။ ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်မှု ရှိလာလိမ့်မယ်

သင် သဘောကျတဲ့ အဝတ်အစားကို ဝတ်မယ်ဆိုရင် သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိပါလိမ့်မယ်။ တခြားသူတွေရဲ့ အမြင်ကို သိပ်မတွေးတော့ဘဲ ကိုယ့်ကိုယ်ကိုယ် ပိုဂုဏ်ယူလာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar