ကောင်မလေးတွေ ကြိုက်နှစ်သက်တဲ့ ကောင်လေးတွေ ပုံစံဆိုတာ တကယ်ကို သီးသန့်ရှိနေပါတယ်။ ကိုရီးယားကားတွေမှာလို အနောက်ကနေ တိတ်တိတ်ကလေး ကြည့်ပြီး အသည်းတယားယား ခိုက်နေရတဲ့ ကောင်မလေးတွေ အပြင်မှာလည်း တကယ်ရှိနေပါသတဲ့။ ဒီတော့ ကောင်မလေးတွေ ကြိုက်တဲ့ ကိုကိုတို့ ပုံစံတွေက ဘယ်လို ပုံစံတွေများပါလိမ့်။

ခပ်တည်တည်နေတတ်တဲ့ ကိုကိုခန့်ချောကြီးတွေ

ဘယ်သူနဲ့မှ ရောထွေးမနေတတ်ဘဲ သီးသန့်ပုံစံနဲ့ လူတွေကြား ကွဲထွက်နေတဲ့ ခပ်တည်တည်ကိုကိုတွေကို မသိအောင် ခိုးခိုးကြည့်နေတတ်တဲ့ ကောင်မလေးတွေရှိပါတယ်။ တည်ငြိမ်ပြီး ယောကျာ်းပီသတဲ့ ဟန်က ကိုကိုခန့်ချောကြီးတွေရဲ့ ဆွဲဆောင်နိုင်မှုပါပဲ။ စကားပြောဟန် လမ်းလျှောက်ဟန်တွေက ငြိမ်နေတဲ့ ရေပြင်ကြီးကို လှုပ်ခါသွားအောင် လုပ်လိုက်သလိုပါပဲတဲ့။

ပျော်ပျော်နေတတ်တဲ့ ကိုယ်တော်ချောတွေ

စကားပြောရင် ဟာသလေးတွေနှောပြီး ပြောတတ်တဲ့ ကိုကိုတို့ကလည်း ခရက်ရှ်ခံ လူတန်းစားတွေပါပဲ။ ဟာသပြောတယ်ဆိုလို့ ပေါတောတော တောရောက်တောင်ရောက် ပြောတာမျိုးကျပြန်တော့လည်း မဟုတ်ပြန်ပါဘူး။ တကယ်တော့ ကောင်မလေးတွေက ဘယ်လို အခက်အခဲတွေ ပြဿနာတွေ ကြုံလာ ကြုံလာ ရယ်ရယ်မောမော ကျော်ဖြတ်နိုင်တဲ့ ကိုယ်တော်ချောတွေကို အားကိုးချင်တာပါ။

ဂျစ်ကန်ကန်လူမိုက်ကလေးတွေ

ဘာကိုမှ ဂရုမစိုက်တဲ့အထာနဲ့  လူမိုက်ကလေးတွေကိုလည်း ကောင်မလေးတွေက ကြိုက်နှစ်သက်ကြပါသေးတယ်။ ဒီလို ပုံစံကမှ မိုက်တာ အထာကျတာလို့ တွေးထင်ကြတဲ့ ကောင်မလေးတွေက သပ်သပ်ရှိနေသေးပြန်ပါတယ်။ အဲဒီလူမိုက်လေးတွေရဲ့ အကြည့်ထဲမှာမှ တဖြုတ်ဖြုတ်ကြွေကျကြတာပါတဲ့။

အရာရာသိတဲ့ ကိုတတ်ပကြီးတွေ

စာအရမ်းဖတ်ပြီး လောကကြီးအကြောင်း အကုန်နီးပါးအလွတ်ကျက်ထားတတ်ကြတဲ့ ကိုကိုတို့ကိုလည်း ပျိုမေတွေက ခိုက်ပါတယ်။ အရာအားလုံး သိနေတတ်နေသူမို့ အားကိုးကြိုက်နဲ့ ကြိုက်ကြတာဖြစ်ပါတယ်။ စာဖတ်နေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဟန်ပန်ဟာ သူတို့ မျက်လုံးထဲမှာတော့ အရမ်းကို ကြည့်ကောင်းနေပါတယ်။