မင်္ဂလာပါ ပျိုမေတို့ရေ။ Kpop ပရိသတ်တိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မျက်လုံးနက်နက်လေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ညိုစိုစိုအသားအရေလေးပိုင်ဆိုင်ထားတဲ့ Twice အဖွဲ့ရဲ့ ခေါင်းဆောင် Jihyo ကိုတော့ Kpop ကြိုက် ပရိတ်သတ်တိုင်းရင်းနှီးပြီးသားဖြစ်မှာပါနော်။ အသက် ၂၆ နှစ်အရွယ် သူမဟာဆိုရင် ရှစ်နှစ်အရွယ်ကတည်းက အနုပညာလောကထဲဝင်ရောက်လာခဲ့ပြီး Twice အဖွဲ့ဝင် Idol အဖြစ် ပွဲဦးထွက်နိုင်ဖို့ ၁၀ နှစ်ကြာ လေ့ကျင့်ခဲ့သူပါ။ လတ်တလောမှာတော့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုထားတဲ့ “Zone” ဆိုတဲ့တစ်ကိုယ်တော်အခွေ ထွက်ရှိထားပြီး Twice အဖွဲ့ဝင်အနေနဲ့ရော Solo အနုပညာရှင်တစ်ဦးအနေနဲ့ပါ အောင်မြင်မှုတွေပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။


Idol တစ်ဦးပီပီ အလှအပပိုင်းကို ဂရုစိုက်ရတဲ့သူမကတော့ သူမရဲ့အသားအရေအတွက် အရေပြားဆရာဝန်တွေဆီမှာ ခဏခဏသွားပြတာထက် ကိုယ်တိုင်အိမ်မှာ Skincare လုပ်တဲ့အကျင့်ရှိတာ ပိုကောင်းတယ်လို့ ခံယူထားသူပါ။ သူမဟာ အသားခြောက်တတ်သူမို့ မိတ်ကပ်မလိမ်းခင် Skincare သေချာလုပ်ပြီးမှ မိတ်ကပ်ပါးပါးကိုသာ လိမ်းတတ်သူလည်းဖြစ်ပါတယ်။ သူမရဲ့ Skincare အဆင့်လေးတွေက အသားခြောက်တတ်တဲ့သူတွေ လိုက်လုပ်လို့ရတာမို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်ပါ။

Jihyo ဟာ မနက်ပိုင်းမှာ ပုံမှန်မျက်နှာသန့်စင်ဖို့အတွက် အာနိသင်ခပ်ပျော့ပျော့ Cleansing Milk ကို သုံးတတ်ပါတယ်။ အသားခြောက်တတ်သူမို့ Form နဲ့ Oil Cleanser တွေကိုသုံးလေ့မရှိဘူးလို့ သူမက ဆိုပါတယ်။


မျက်နှာသစ်ပြီးတာနဲ့ Face Mask သုံးပါတယ်။ အသားခြောက်တဲ့သူဖြစ်တာမို့ အစိုဓာတ်ဖြည့်ပေးမယ့် Face Mask လိမ်းပြီး စိမ့်ဝင်မှုကောင်းဖို့ Skincare Device နဲ့ မျက်နှာအသားအရေပေါ်ကို ၁၅ မိနစ်လောက် ခပ်ဖွဖွနှိပ်နယ်ပေးလေ့ရှိတယ်လို့ဆိုပါတယ်။

Face Mask ကိုတော့ မနက်ပိုင်းအပြင် ညအိပ်ရာမဝင်ခင်မှာလည်း လိမ်းပြီးအိပ်တာက သူမရဲ့ခြောက်သွေ့တဲ့အသားအရေအတွက် အရမ်းအထောက်အကူဖြစ်တယ်လို့လည်း ပြောပြထားပါသေးတယ်။


Face Mask အဆင့်ပြီးတဲ့အခါမှာတော့ Toner ကိုလိမ်းပါတယ်။ ဝါဂွမ်း Pad လေးနဲ့ ယူပြီး မျက်နှာအနှံ့ပွတ်လိမ်းလိုက်တာပါ။


ပြီးတဲ့အခါမှာတော့ အသားအရေရေဓာတ်ဖြည့်ပေးမယ့် Essence လေးလိမ်းပေးလေ့ရှိတယ်လို့ ဆိုပါတယ်။


Jihyo ရဲ့ Skincare နောက်တစ်ဆင့်ကတော့ Moisturizer လိမ်းတာပါ။ Moisturizer ကိုတော့ Cream ကိုမှ အရည်ကျဲပြီး လိမ်းရတာပေ့ါပါးတဲ့ ပစ္စည်းမျိုးကို ရွေးသုံးလေ့ရှိတယ်လို့ သူမကပြောပါတယ်။


နောက်ဆုံးအဆင့်အနေနဲ့ Lip Balm လေးလိမ်းပြီးမှ မိတ်ကပ်စပြင်ပါတယ်။ ပေါ့ပေါ့ပါးပါး မိတ်ကပ် Look လေးပြင်ပြီးတဲ့နောက်မှာလည်း နှုတ်ခမ်းစိုစိုဖူးဖူးလေးဖြစ်နေအောင် Lip Balm လေးတစ်ထပ် ထပ်လိမ်းတတ်ပါသေးတယ်။


ဒါတွေကတော့ Dry Skin ရှိသူတစ်ဦးအနေနဲ့ Jihyo လုပ်နေကျ Skincare အဆင့်လေးတွေပါနော်။ သူမဟာ အပြင်မထွက်ခင်မှာ ဆံသားအတွက်လည်း Hair Essence လေးပုံမှန်လိမ်းပြီး ထိန်းသိမ်းလေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။

Hair Essence လိမ်းပေးတာက နေဓာတ်ကြောင့် ဆံသားခြောက်သွေ့တာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်တဲ့အပြင် အနံ့လေးမွှေးနေအောင်လည်း ထိန်းပေးတယ်လို့ သူမက ဆိုပါတယ်။

Photo Source: Youtube

By MyStyle Myanmar