မင်္ဂလာပါ ပျိုမေတို့ရေ။ ဆောင်းလေအေးအေးတိုက်တဲ့ ရာသီရောက်လာပြီမို့ ဆံသားကလည်း အရင်ထက်ပိုခြောက်သွေ့လွယ်လာပါပြီနော်။ ရာသီမရွေး ဆံပင်ခြောက်တတ်တဲ့ Dry Hair ရှိသူတွေဆို ပိုဆိုးပါတယ်။ အစိုဓာတ်မရတာနဲ့ ဆံပင်တွေဖွာပြီး ကြည့်ရဆိုးလာမှာပါ။ ဒီလိုရာသီမှာ ဆီလိမ်းတာက ဆံသားအတွက် လိုအပ်တဲ့ အစိုဓာတ်ဖြည့်ပေးရာရောက်သလို အချို့ Hair Oil တွေက ဆံနွယ်လေးတွေအိပြီး အုံထူလာဖို့ပါ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် ဆောင်းတွင်းရောက်တိုင်း လိမ်းပေးသင့်တဲ့ Hair Oil တွေကို မျှဝေပေးသွားမှာပါ။ ဒီထဲက ကိုယ့်ဆံသားနဲ့အဆင်ပြေတဲ့ ဆီတစ်မျိုး လိမ်းကြည့်ပါနော်-

၁။ အုန်းဆီ


အုန်းဆီက ဆံသားအတွင်းပိုင်းအထိ အစိုဓာတ်ဖြည့်ပေးနိုင်လို့ ဆောင်းရာသီမှာလိမ်းဖို့အသင့်တော်ဆုံးပါပဲ။ သူ့ရဲ့အာနိသင်က အေးတဲ့ရာသီမှာအဖြစ်များတဲ့ ဦးရေပြားခြောက်သွေ့ယားယံတာ၊ ဗောက်ထတာတွေကို သက်သာစေပါတယ်။ ပုံမှန်လိမ်းပေးမယ်ဆိုရင် ဦးရေပြားပေါ် ဘက်တီးရီးယားတွေမကပ်စေဖို့ပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

၂။ Almond ဆီ


Almond ဆီကလည်း ဆောင်းရာသီအတွက် အရမ်းအသုံးဝင်ပါတယ်။ သူ့မှာပါတဲ့ Vitamin E နဲ့ Magnesium ဓာတ်တွေက ဆံသားခြောက်သွေ့ခြင်းကို ဖယ်ရှားပေးပြီး ဆံနွယ်လေးတွေကို နူးညံ့စေမှာပါ။ စေးကပ်မှုမများတဲ့ ဆီတစ်မျိုးဖြစ်လို့ ဆီလိမ်းပြီး ခေါင်းမှာ စေးကပ်ကပ်ဖြစ်တာမျိုး မကြိုက်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

၃။ Jojoba ဆီ


ဆံသားအစိုဓာတ်ပြန်ရဖို့နဲ့ ဦးရေပြားပြဿနာတွေအတွက် Jojoba အဆီကို သုံးနိုင်ပါတယ်နော်။ Jojoba Oil နဲ့ ဦးရေပြားကိုနှိပ်နယ်ပြီး Treatment လုပ်ပေးပါ။ သူ့မှာပါတဲ့ Fatty Acids က ဦးရေပြားတွင်း ဆုံးရှုံးသွားတဲ့ အဆီဓာတ်ကို ဖြည့်ပေးနိုင်တာမို့ ဆံသားအရောင်မွဲတာကိုပါ သက်သာစေပါတယ်။

၄။ သံလွင်ဆီ


သံလွင်ဆီက ကြမ်းတမ်းပြီး ခြောက်သွေ့လွယ်တဲ့ဆံသားနဲ့ ဦးရေပြားကို အစိုဓာတ်ဖြည့်ပေးတာမို့ ပုံမှန်လိမ်းတာ (သို့) သံလွင်ဆီနဲ့ပေါင်းတင်တာမျိုးလုပ်ပေးပါ။ ကြက်ဥအနှစ်၊ ပျားရည်တို့နဲ့ရောပြီး ပေါင်းတင်ပေးနိုင်ပါတယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင် ဆံပင်ထုံးတာနဲ့ အဖျားပိုင်းနှစ်ခွဖြစ်တာတွေကို သက်သာစေမှာပါ။

၅။ နှမ်းဆီ


Dry Hair ရှိသူတွေအတွက် သဘာဝနှမ်းဆီကလည်း အသုံးဝင်ပါတယ်နော်။ သူ့မှာပါတဲ့ Omega ဓာတ်တွေက ဆံသားအရောင်စိုပြီး အုံထူစေတာမို့ အရွယ်မတိုင်ခင် ဆံပင်မဖြူအောင်လည်း ထိန်းပေးနိုင်ပါတယ်။ ဆံပင်ခြောက်တာသက်သာဖို့ သူ့ကို အုန်းဆီနဲ့တွဲပြီး ဦးရေပြားပေါ်နှိပ်နယ်လိမ်းပေးပါ။

Photo Source: Pinterest

By MyStyle Myanmar