ဘာသာစကားတစ်ခု တတ်ကျွမ်းဖို့ဆိုတာဟာ အလေ့အကျင့် Practice အများကြီး လိုပါတယ်။ အင်္ဂလိပ်စကား ပြောတတ်ချင်တယ်ဆိုရင်လည်း နေ့စဉ်နေ့တိုင်းမှာ အလေ့အကျင့်ကောင်းလေးတွေ လုပ်ပေးသင့်ပါတယ်။ အင်္ဂလိပ်စကားပြောကောင်းချင်တယ် ၊ မြန်ချင်တယ်ဆိုရင် အခုပြောမယ့် အချက်လေးတွေလည်း နေ့စဉ် လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

(၁) မှားမှာ မကြောက်နဲ့ ပြောပါ

Practice ဟာ ဘာသာစကားရဲ့ အသက်ပါ။ လေ့ကျင့်ပါ။ ပြောဖြစ်အောင် ပြောပါ။ ပြောရင်း မှားမှာ မကြောက်ပါနဲ့။ မရှက်တမ်း ပြောမှ မြန်မြန်တတ်မှာပါ။ စိတ်ထဲက အတွေးတွေကို အင်္ဂလိပ်လို အသံထွက်ပြောကြည့်လိုက်ပါ။ အင်္ဂလိပ်စကားနဲ့ ရင်းနှီးသွားမှာပါ။

(၂) ကိုယ်ပိုင် အင်္ဂလိပ် Audio Book ဖန်တီးပါ

အင်္ဂလိပ်စာအုပ်တစ်အုပ်ထဲက အခန်းတစ်ခန်း ဒါမှမဟုတ် သတင်းစာတစ်စောင်ထဲက ဆောင်းပါးတွေကို အသံထွက်ဖတ်ပါ။ အဲ့ဒီလို ဖတ်ချိန်မှာလည်း ဖုန်းနဲ့ဖြစ်ဖြစ် အသံဖမ်းထားပါ။ ပြီးရင် နားထောင်ကြည့်ပါ။ ဒါဆိုရင် ကိုယ့်အင်္ဂလိပ်စကားပြောတဲ့ အသံထွက်ဘာတွေ လိုအပ်ချက် ရှိမလဲဆိုတာ အလွယ်တကူ သိနိုင်သလို စကားပြောရတာလည်း ပိုပြီး သွက်လက်လာမှာ ဖြစ်ပါတယ်။

(၃) အတိုအထွာ စကားပြောလေးတွေ နေ့စဉ်သုံးပါ

နေ့တိုင်း အသုံးဝင်တဲ့ အင်္ဂလိပ်စကားပြော တိုတိုထွာထွာလေးတွေကို စကားပြောတိုင်း သုံးဖြစ်အောင် သုံးပါ။ တစ်နေ့နဲ့တစ်နေ့ မတူအောင် မထပ်အောင် စကားပြောဝါကျ အသစ်အသစ်တွေ ပြောဖြစ်အောင် ပြောသွားမယ်ဆိုရင် အင်္ဂလိပ်စကားပြောရတာ ပိုပြီး အဆင်ပြေလာတာ တွေ့ရမှာပါ။

(၄) အင်္ဂလိပ်သတင်းချန်နယ်တွေ ပုံမှန်နားထောင်ပါ

အင်္ဂလိပ်စကားကို သူများတွေ ဘယ်လိုပြောသလဲဆိုတာ သိအောင် နားထောင်တတ်တဲ့ အလေ့အကျင့်လုပ်သင့်ပါတယ်။ ရေဒီယိုမှာ အင်္ဂလိပ်ပိုင်း အစီအစဉ်တွေ နားထောင်တာ ၊ YouTube မှာ အင်္ဂလိပ်လို နောက်ခံစကားပြောတဲ့ ချန်နယ်နဲ့ ရုပ်သံဖိုင်တွေ ကြည့်တာမျိုး လုပ်သင့်ပါတယ်။ ဒါမှမဟုတ် အင်္ဂလိပ်စကားပြော ရုပ်ရှင်တွေ ကြည့်ပါ။ လိုအပ်ရင်တော့ အောက်မှာ အင်္ဂလိပ်စာတန်းထိုးနဲ့လည်း ကြည့်လိုက်ပါ။