စာဖတ်သူတွေထဲမှာလည်း ခရီးသွားရတာကို နှစ်သက်သူများလည်း ပါကောင်းပါနိုင်ပါတယ်။ စာဖတ်သူကိုယ်တိုင်က ခရီးသွားရတာ နှစ်သက်သူတစ်ယောက်ဆိုရင်တော့ ခရီးသွားနေစဉ်မှာ ဘယ်လိုအရာလေးတွေကို ပြုမူဆောင်ရွက်ရမလဲဆိုတာကိုရော သိပြီးပါပြီလား။

မသိသေးဘူးဆိုရင်တော့ နောက်တစ်ကြိမ်ခရီးထွက်ဖြစ်တဲ့အခါ ကျင့်သုံးဖြစ်အောင် ဝေမျှပေးလိုက်ရပါတယ်။

လက်ရှိအချိန်ကို အပြည့်အဝခံစားပါ

ခရီးသွားနေစဉ်မှာ ဆိုရှယ်မီဒီယာတွေပေါ်မှာတင်ဖို့ ပုံလှလှလေးတွေရိုက်ရတာကလည်း တာဝန်တစ်ရပ်လိုဖြစ်လာပါတယ်။ ဓာတ်ပုံလှလှလေးတွေ ရိုက်ခြင်းက အမှတ်တရကောင်းများကို သိမ်းဆည့်ပေးထားနိုင်ပါတယ်။

ဒါပေမဲ့ ထိုသာယာလှပတဲ့ အခိုက်အတန့်ကလေးကို သင် အပြည့်အဝခံစားနိုင်ဖို့ အခွင့်အရေးများ ဆုံးရှုံးသွားစေတတ်ပါတယ်။ ဒါ့ကြောင့် ပုံအများကြီး ရိုက်ယူတာမျိုးမလုပ်ဘဲ ကိုယ့်ရဲ့အမြင်အာရုံနဲ့သာ ကြည့်ရှုခံစားလိုက်ပါ။

ပိုက်ဆံ ပိုပိုသာသာ ဆောင်သွားပါ

ခရီးသွားနေစဉ်မှာ တည်းခိုစရိတ်၊ စားသုံးစရိတ်များ၊ အမှတ်တရပစ္စည်းများအတွက် မသွားခင်ကတည်းက သေချာစဉ်းစားသွားပါ။ ကိုယ် ဘယ်လောက်သုံးဖြစ်မလဲ။ ဘယ်လောက်ဆို လုံလောက်မလဲဆုံးဖြတ်ပါ။

ထို့နောက် ပိုက်ဆံအပိုလည်း ထည့်သွားသင့်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုအပိုကုန်သွားမလဲဆိုတာ မသိနိုင်တာကြောင့် ပိုပိုသာသာယူသွားတဲ့အခါ စိတ်ဖြောင့်ဖြောင့်နဲ့ ခရီးသွားနိုင်တာပေါ့။

ဒေသ အစားအစာများကို မဖြစ်မနေ မြည်းစမ်းစားသုံးပါ

ဒေသတစ်ခုစီမှာ မတူညီတဲ့ အစားအစာကိုယ်စီရှိကြပါတယ်။ ထိုဒေသစာများသည်လည်း အင်မတန်နာမည်ကြီးကြပြီး တစ်ခါစားဖူးရုံနဲ့ နောက်တစ်ခါထပ်စားချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ ကိုယ့်အိမ် ပြန်ရောက်လာတဲ့အခါ ခရီးသွားတုန်းက အဲ့နေရာမှာ စားခဲ့တဲ့အစားအစာလေးဆိုပြီး လွမ်းတမြည့်မြည့်နဲ့ ပြန်လည်ဆွေးနေရတာလည်း ဖီလင်တစ်မျိုးပဲ မဟုတ်လား။

အရည်အသွေးကောင်းတဲ့ ခရီးဆောင်အိတ် သယ်သွားပါ

သင့်ရဲ့ခရီးဆောင်အိတ်က သင့်ရဲ့အဝတ်အစားများကို လုံခြံအောင်ကာကွယ်ပေးတာဖြစ်ပါတယ်။ ထိုအိတ်ထဲမှာ သင့်ရဲ့အရေးကြီးတဲ့ စာရွက်စာတမ်းများ၊ ပိုက်ဆံများ ထည့်ချင်လည်း ထည့်ထားမှာပါ။ ထိုအရာများကိုလည်း လုံခြုံစွာ ထားဖို့ရန်အတွက် အရည်အသွေးကောင်းတဲ့ ခရီးဆောင်အိတ်မျိုး အသုံးပြုရမှာဖြစ်ပါတယ်။

ဖိနပ်အပိုသယ်သွားပါ

အမျိုးအစားမတူတဲ့ ဖိနပ် ၂ ရံလောက် ထည့်သွားသင့်ပါတယ်။ ဥပမာ ခရီးစသွားစဉ်မှာ Sneakers ဖိနပ် စီးသွားတယ်ဆိုရင် ခရီးဆောင်အိတ်ထဲမှာ ညှပ်ဖိနပ်တစ်ရံထည့်သွားပါ။ သင့်ရဲ့အဝတ်အစားစတိုင်လ်နဲ့ လိုက်ဖက်ပြီး ဖိနပ်များကို ပြောင်းလဲဝတ်ဆင်ပါ။

ဖိနပ်အပိုယူသွားသင့်တဲ့ နောက်ထပ်အကြောင်းအရင်းကတော့ မတော်တဆ ဖိနပ်တစ်ရံပြတ်သွားခဲ့သည်ရှိသော် ဖိနပ်ဝယ်ဖို့ အချိန်ကုန်စရာမလိုဘဲ ကိုယ့်ရဲ့အားလပ်ရက်ခရီးကို အားရပါးရ ကုန်ဆုံးနိုင်မှာမို့လို့ပဲဖြစ်ပါတယ်။

လူတိုင်းကို မယုံပါနဲ့

ကိုယ် ကြားသိရတဲ့ အကြောင်းအရာတစ်ရပ်က သာမန်ထက်ပိုပြီး ထူးကဲသာလွန်စွာ ကောင်းမွန်နေမယ်ဆိုရင်တော့ ပုံမှန်အခြေအနေမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံအတွင်းမှာ ခရီးသွားတဲ့အခါမှာတော့ ပတ်ဝန်းကျင်အစိမ်းဖြစ်နေတဲ့အတွက်ကြောင့် သေချာဂရုစိုက်သင့်ပြီး နိုင်ငံခြားခရီးသွားတဲ့အခါ ပိုလို့တောင် သတိထားသင့်ပါတယ်။