ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့အမာရွတ်တွေကြောင့် အလှပျက်လို့ စိတ်အနှောက်အယှက်ဖြစ်နေတဲ့သူတွေအတွက် သက်သာလာစေမယ့် သဘာဝနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမာရွတ်တွေက အရှင်းဖျောက်ဖို့တော့ခက်ပေမယ့် ဒီလိုနည်းတွေနဲ့ ကုသပေးတာက ဖြေးဖြေးချင်း အရောင်မှိန်လာအောင် ကူညီပေးမှာပါ။ ဒါ့အပြင် အိမ်တွင်းဖြစ်နည်းတွေဖြစ်တာမို့ ဈေးသက်သာသလို လုပ်ရလည်းလွယ်ပါတယ်။ ဒီတော့ ဝက်ခြံအမာရွတ်ရှိသူတွေအနေနဲ့ ဖော်ပြထားတဲ့နည်းတွေထဲက ကိုယ့်အသားအရေနဲ့ တည့်တာလေးရွေးပြီး စမ်းလုပ်ကြည့်ပါနော်။

၁။ အုန်းဆီ

အုန်းဆီမှာပါတဲ့ Antioxidant နဲ့ Antibacterial အာနိသင်တွေက ဝက်ခြံအမာရွက်ကုသရာမှာ အရမ်းအသုံးဝင်ပါတယ်။ အုန်းဆီအနည်းငယ်ကို ဝက်ခြံအမာရွတ်တွေပေါ် ခပ်ပါးပါးလေးလိမ်းတာမျိုးလုပ်ပေးပါ။ အဆီပြန်တတ်တဲ့သူတွေက တစ်ခါတစ်လေမှ အုန်းဆီကိုသုံးပေးပါ။ တစ်ခါတစ်ရံ လိမ်းတာများသွားရင် ချွေး၊ အဆီတွေနဲ့ရောပြီး ဝက်ခြံပြန်ထွက်တတ်တာကြောင့်ဖြစ်ပါတယ်။

၂။ နနွင်းမှုန့်

ဝက်ခြံအမာရွတ်အတွက် နနွင်းမှုန့်ကိုလည်း အသုံးပြုလို့ရပါတယ်။ သဘာဝနနွင်းမှုန့်ဟာ မွဲညစ်နေတဲ့အသားအရေကို လင်းသွားစေတာမို့ မည်းနေတဲ့အမာရွတ်တွေကိုလည်း အရောင်မှိန်သွားစေမှာပါ။ သူ့ကို မျက်ကွင်းညိုတာအတွက်လည်းသုံးနိုင်ပါတယ်။ သုံးတဲ့အခါ Skin အစိုဓာတ်ရစေတဲ့ ပျားရည်ကိုပါ ထည့်ပေးပါ။ နှစ်မျိုးကိုဆတူထည့်ပြီး အမာရွတ်တွေပေါ်လိမ်းကာ မိနစ် ၂၀ လောက်ထားပေးနိုင်ပါတယ်။ အချိန်ပြည့်တဲ့အခါ ရေနဲ့ပြောင်အောင်ဆေးပေးပါ။

၃။ Tea Tree Oil

Tea Tree Oil ကအသားအရေပြဿနာတော်တော်များများအတွက် အသုံးပြုနိုင်တဲ့အဆီတစ်မျိုးပါ။ သူကို ဝက်ခြံဖုအမြန်ခြောက်ဖို့လည်း လိမ်းပေးနိုင်သလို အမာရွတ်ပေါ်လိမ်းပေးမယ်ဆိုရင်လည်း အရောင်မှိန်ပြီးချပ်လာစေပါတယ်။ လိမ်းတဲ့အခါ အဆီ နှစ်စက်၊ သုံးစက်ကို ဝါဂွမ်းနဲ့စွတ်ပြီး အမာရွတ်နေရာပေါ်တိုက်ရိုက်လိမ်းပေးပါ။ တစ်ပတ် သုံးရက်လောက်အထိ လိမ်းပေးမယ်ဆိုရင် လပိုင်းအတွင်း သိသာတဲ့ရလဒ်ကိုတွေ့ရမှာပါ။

၄။ စပျစ်သီးအစိမ်းရောင်

စပျစ်သီးအစိမ်းရောင်က အသားအရေသွေးလည်ပတ်မှုကောင်းပြီး တင်းရင်းစေတာကို သိထားပြီးပြီလား။ သူ့ရဲ့ကြွယ်ဝတဲ့ Antioxidant ဓာတ်တွေဟာ အရေးအကြောင်းတွေသက်သာဖို့အပြင် အမဲစက်၊ အမာရွတ်တွေပါဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ စပျစ်သီးအစိမ်းအနည်းငယ်ကို ဆားတစ်ဇွန်းဖြူးပြီး အနည်းငယ်ပျော့သွားအောင် ပေါင်းပေးပါ။ ပြီးတဲ့အခါ အရည်ညှစ်ပြီး အမာရွတ်နေရာတွေပေါ်လိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ်လောက်ထားပြီး ရေနဲ့ဆေးချလိုက်ရုံပါပဲ။

၅။ ရှားစောင်းလက်ပတ်

ဝက်ခြံအမာရွတ်ဖြစ်တဲ့နေရာက Dry ဖြစ်တဲ့ ဆဲလ်သေတွေ စုနေတတ်တာမို့ သက်သာဖို့အတွက် အစိုဓာတ်က အရေးကြီးပါတယ်။ ဒါကြောင့်မို့ အစိုဓာတ်ပေးနိုင်တဲ့ ရှားစောင်းလက်ပတ်က အသုံးဝင်မှာပါ။ ရှားစောင်းဟာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့အပြင် နေလောင်ဒဏ်နဲ့ ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တာမို့ ရှားစောင်း Gel အေးအေးကို အမာရွတ်တွေပေါ်လိမ်းတာမျိုး ပြုလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar