သင်ကလတ်တလောမှာ မျက်နှာပြဲပြီး မေးနှစ်ထပ်ထွက်လာလို့ စိတ်ညစ်နေတဲ့သူလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးမှာ ပြောပြပေးမယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးဖို့ အကြံပေးချင်ပါတယ်။ မေးနှစ်ထပ်ရှိတာက သင့်မျက်နှာအသားအရေကို လျော့ရဲပြီး ရုပ်ရင့်ပုံပေါက်စေတာမို့ အချိန်တိုအတွင်း ဖယ်ရှားနိုင်ဖို့ မျက်နှာလေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ Bloating ဖြစ်စေမယ့် အစားအသောက်တွေ လျှော့စားတာတွေ လုပ်ပေးဖို့လိုပါတယ်။ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းလေးတွေက လုပ်ရလွယ်တဲ့အပြင် မျက်နှာကြွက်သားတွေ တင်းရင်းစေတာကြောင့် အရေးအကြောင်းတွေကိုပါ သက်သာစေမှာပါ။

၁။ Fish Face

ငယ်ငယ်ကလုပ်သလို ပါးနှစ်ဖက်ကို အတွင်းထဲစုပ်ပြီး ငါးပါးစပ်ပုံစံ နှုတ်ခမ်းစူပေးရမှာပါ။ စက္ကန့် ၂၀ လောက် ထိန်းထားပေးမယ်ဆိုရင် ပါးနဲ့မေးတွေ ညောင်းပြီး အဆီလောင်ကျွမ်းလာတာကို ခံစားမိပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ ငါးခါ၊ ခြောက်ခါလောက် လုပ်ပေးနိုင်ပါတယ်။

၂။ Neck Roll

ခေါင်းအနည်းငယ်ငုံ့ပြီး လည်ပင်းကို စက်ဝိုင်းပုံ ဖြေးဖြေးချင်းလှည့်ပေးပါ။ ခန္ဓာကိုယ်မတ်ပြီး ပုခုံးကြောကို လျှော့ထားပေးရပါမယ်။ ဒါကို စက္ကန့် ၃၀ လောက် နာရီလက်တံအတည့်နဲ့ ပြောင်းပြန်ပုံစံ တစ်လှည့်စီ ဝိုက်ပြီး ၁၀ ကြော့ခန့် ပြုလုပ်ပေးပါ။

၃။ Chin Lifts

ပုံထဲကလို ခေါင်းမော့ပြီး မျက်နှာကျက်ကို မျက်နှာမူပေးပါ။ ပြီးနောက် အောက်နှုတ်ခမ်း ရှေ့ထုတ်ပြီး မေးရိုးကို တင်းထားပေးရပါမယ်။ ၁၀ စက္ကန့်လောက်နေပြီး ခေါင်းပြန်ချနိုင်ပါတယ်။ အမြန်ဆုံး ထိရောက်ဖို့ ၁၀ ကြော့ လောက်အထိ ပြုလုပ်ပေးပါ။ နှစ်ပတ်လောက်အတွင်း မေးရိုးတင်းရင်းပြီး မေးနှစ်ထပ်သက်သာလာတာကို တွေ့ရပါလိမ့်မယ်။

၄။ Saying Qs & Xs

သင့်ခေါင်းနဲ့လည်ပင်းကို ရှေ့တိုးနောက်ဆုတ်ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခေါင်းရှေ့တိုးတဲ့အခါ အင်္ဂလိပ်အက္ခရာ “Q” အသံထွက်ပုံစံ နှုတ်ခမ်းကို စုပေးပါ။ နောက်ပြန်ဆုတ်တဲ့အခါမှာတော့ သွားစိပြီး အက္ခရာ “X” အသံထွက်တဲ့ပုံစံ လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်မိနစ်လောက် ရှေ့တိုးနောက်ဆုတ် လုပ်ပေးပြီး တစ်နေ့ ငါးကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

၅။ Tongue Stretch

မေးစေ့အသားတွဲကျခြင်းကို သက်သာစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ ခန္ဓာကိုယ်မတ်ကာ မေးရိုးတင်းထားပြီး သင့်လျှာကို တတ်နိုင်သလောက် အရှေ့ထုတ်ပေးရမှာပါ။ ၁၀ စက္ကန့်လောက်ထိန်းထားပြီး ပုံမှန်အတိုင်းပြန်သွင်းနိုင်ပါတယ်။ ဒီပုံစံအတိုင်း နှစ်မိနစ် ကနေ သုံးမိနစ်လောက်အထိ ပြုလုပ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar