မိန်းကလေးတွေက အသိရခက်တယ်လို့ ဆိုကြပါတယ်။ တကယ်တော့ ယောကျ်ားလေးတွေမှာလည်း လူသိနည်းတဲ့ အချက်ကလေးတွေ ရှိကြပါတယ်။ ဒီအချက်တွေထဲက တစ်ချို့ကတော့ အတော်လေး အူကြောင်ကြောင်နိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

ကောင်မလေးတွေ သဘောကျအောင်လုပ်တဲ့ အထာတစ်မျိုး

ယောကျ်ားလေးတွေမှာလည်း အထာတွေ ရှိပါတယ်။ ကောင်မလေးတွေရဲ့ အာရုံစိုက်မှုရအောင် လုပ်နေတဲ့အခါမျိုးမှာပေါ့။ ယောကျာ်းလေးအများစုဟာ သူတို့ရဲ့ ဘောင်းဘီခါးပတ်ထဲ လက်မတွေ ထည့်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။ အနည်းဆုံးတော့ ခါးလေး မသိမသာထောက်တာမျိုးပေါ့။ ဖိုတွေရဲ့ ဒီအထာကတော့ ဒီဘက်ခေတ်မှာတောင် မတိမ်ကောသေးဘူးလို့ ဆိုရမှာပါ။

ယောကျာ်းချင်း ချီးကျူးတာ ပိုကြိုက်ဆိုပဲ

ယောကျာ်းလေးတွေဟာ အမြဲပဲ မိန်းကလေးတွေဆီက ချီးကျူးသံကြောင့် ကြည်နူးရတာတော့လည်း မဟုတ်ပါဘူးတဲ့။ ဘရိုက်တန်တက္ကသိုလ်မှ ရောဘတ်ဟားဘတ်ကတော့ ယောင်္ကျားချင်း ချီးကျူးခံရရင် အမျိုးသားတွေဟာ ပိုပြီး ဝမ်းမြောက်ဝမ်းသာဖြစ်သလို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်လည်း ပိုမြင့်မားလာတယ်လို့ သက်သေပြထားပါတယ်။

စိတ်ဝင်စားမှုတူမှ ဘော်ဒါဖြစ်တယ်

မိန်းကလေးတွေဟာ ခံစားချက်ချင်း ပေါင်းစည်းလို့ရမှ သူငယ်ချင်းတွေ ဖြစ်တတ်ပြီး အမျိုးသားတွေကတော့ ဝါသနာတူမှ ဘော်ဒါဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်ပဲ ယောကျာ်းချင်း ဆုံမိရင် အားကစားကြိုက်တတ်လား ၊ Night Out ထွက်တတ်လားနဲ့ ဘာကြိုက်တတ်တုန်း ဆိုပြီး မသိမသာ စကားနှိုက်တတ်တာ ဖြစ်ပါတယ်။

မိန်းကလေးတွေထက် ၂ ဆ ပိုလိမ်တယ်

ဒီအချက်ကတော့ ၂၀၀၉ ခုနှစ်က 20th Century Fox Home Entertainment ကနေ လုပ်တဲ့ စစ်တမ်းတစ်ခုကနေ ဖော်ပြထားတာပါ။ Lie to Me ဆိုတဲ့ တီဗွီစီးရီးမဖြန့်ချိခင်မှာ စစ်တမ်းလိုက်ကောက်ခဲ့တာပါ။ စစ်တမ်းအရ အမျိုးသားတွေဟာ သူတို့ လုပ်ဖော်ကိုင်ဖက် ၊ သူ‌ဌေး နဲ့ ချစ်သူကို မိန်းကလေးတွေထက် ပိုလိမ်ညာတယ်လို့ ဆိုပါတယ်။

မိန်းကလေးတွေ တစ်နေ့ ၃ ခါ လိမ်တယ်ဆိုရင် ယောကျာ်းတွေက ၆ ခါ လိမ်တယ်လို့တောင် ဆိုပါတယ်။ အနည်းဆုံးတော့ ယောကျာ်း တွေဟာ အဆင်မပြေဘဲနဲ့လည်း “အေးဆေးပါ။ ငါအဆင်ပြေပါတယ်”လို့ အများဆုံး လိမ်တယ်လို့ စစ်တမ်းက ပြောထားပါတယ်။

ဘဝသက်တမ်းရဲ့ တစ်နှစ်လောက်က ကောင်မလေးတွေ လိုက်ငေးကြည့်တာ

ယောကျာ်းတွေဟာ မိန်းကလေးတွေလောက် အသက်မရှည်ကြဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ယောကျ်ားတစ်ယောက်ဟာ တစ်နေ့ကို ၄၃ မိနစ်လောက်က တစ်ခြားမိန်းကလေးတွေကို လိုက်ငေးကြည့်ရင်းနဲ့ အချိန်ကုန်သွားကြပြီး အသက် ၁၈ နှစ်နဲ့ အသက် ၅၀ အရွယ်ကြားမှာဆို မိန်းကလေးတွေကို လိုက်ကြည့်နေမိတာဟာ ၁၁ လနဲ့ ၁၁ ရက်လောက်အထိ ကြာပြီ ဖြစ်ပါတယ်။

ဒီတော့ တစ်ဘဝလုံးမှာ မိန်းကလေးတွေကိုပဲ လိုက်ကြည့်နေမိတဲ့ အချိန်ကိုသာ စစ်စစ်ပေါက်ပေါက် တွက်နိုင်ရင် အတော်လေး များမှာ ဖြစ်ပါတယ်။ မိန်းကလေးတွေကရော။ Brightside မှာတော့ မိန်းကလေးတွေဟာ သူစိမ်းယောကျာ်း လေးတွေကို တစ်ရက်မှာ မိနစ် ၂၀ပဲ လိုက်ကြည့်တယ်လို့ ဆိုပါတယ်။