သင်က ကော်ဖီကို နှစ်ခြိုက်စွာ သောက်သုံးနေသူတစ်ယောက်လား။ ကော်ဖီ မသောက်ရ မနေနိုင်အောင် စွဲလမ်းလာပြီလား။ လန်းဆန်းတက်ကြွနေဖို့အတွက် စွမ်းအားဖြည့်အချိုရည်တွေရဲ့အကူအညီ ရယူနေပြီလား။ ကျောင်းမှာဖြစ်စေ၊ အလုပ်ခွင်ထဲမှာဖြစ်စေ၊ သင်တန်းမှာဖြစ်စေ အမြဲတမ်းအိပ်ငိုက်နေလို့ စိတ်ညစ်သူများအတွက် သတင်းကောင်းတစ်ခု ပေးချင်ပါတယ်။ ထိုသတင်းကောင်းကတော့ ကော်ဖီများ၊ ကာဖိန်းဓာတ်များ မမှီဝဲဘဲ သင့်ဦးနှောက်ကို လှည့်စားရုံဖြင့် သင့်ရဲ့အိပ်ချင်စိတ်ကို ဖယ်ရှားပေးနိုင်တယ်ဆိုတာပါပဲ။

ဒါဆိုရင် အိပ်ချင်စိတ်ပြေသွားအောင် ဦးနှောက်ကို ဘယ်လိုလှည့်စားရမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

သံပုယိုသီး ကိုက်ပါ

သံပုယိုသီး တစ်ခြမ်းကို ဒီအတိုင်း ကိုက်ပေးလိုက်ခြင်းအားဖြင့် ချက်ချင်း မျက်လုံးကျယ်လာပါလိ့်မယ်။

ရေခဲရေဖြင့် မျက်နှာသစ်လိုက်ပါ

သင့်မျက်ခွံက လေးစပြုလာပြီဆိုရင်တော့ ရေခဲရေဖြင့် မျက်လုံးများပေါ်သို့ တောက်ပေးနိုင်သလို ရေအေးမရှိပါကလည်း ရိုးရိုးရေဖြင့် မျက်နှာသစ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က အနည်းငယ် လေးလံထိုင်းမှိုင်းစ ပြုလာပြီဆိုရင်တော့ ရေခဲထုပ်ကို ဂုတ်ပေါ် တင်ပေးထားလိုက်ပါ။

လက်ကောက်ဝတ်ပေါ်သို့ ရေအေးဖြင့် ဆေးကြောလိုက်ပါ

ဒီနည်းလမ်းကတော့ စောစောက ရေခဲရေဖြင့် မျက်နှာသစ်တဲ့နည်းလမ်းနဲ့ အကျိုးရလာဒ်အတူတူပဲဖြစ်ပါတယ်။

နားရွက်များကို နှိပ်နယ်ပေးလိုက်ပါ

နားရွက်ကို ခပ်ကြာကြာလေး ဖိပေးနှိပ်ပေးခြင်းနည်းကို တရားထိုင်သူများ အိပ်မငိုက်စေဖို့ရန်အတွက် ကျင့်သုံးလေ့ရှိတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

လုပ် သမ်းလိုက်ပါ

အမှန်တကယ် သမ်းတာမျိုးမဟုတ်ဘဲ လုပ်သမ်းပေးခြင်းအားဖြင့် သင့် ဦးနှောက်အပူချိန်ကို ပြောင်းလဲပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်က ပျင်းရိလာတဲ့အခါ (သို့) ပင်ပန်းလာတဲ့အခါ ဦးနှောက်အပူချိန်က မြင့်တက်လာပြီး မြင့်တက်လာတဲ့အပူချိန်ကို လျော့ချဖို့ရန်အတွက် သမ်းလိုက်ရပါတယ်။

သင့်အနေနဲ့ အိပ်ချင်စိတ် ပေါက်လာပြီဆိုရင် ၇ ကြိမ်မှ ၁၀ ကြိမ်ခန့်အထိ လုပ်သမ်းနိုင်ပါတယ်။

တစ်စုံတစ်ခုကို ဝါးနေပါ

ပူရှိန်းရနံ့ပါတဲ့ ပီကေ ဝါးစားပေးခြင်းအားဖြင့် သင့်ပါးစပ်ကို အလုပ်ပေးထားပါ။ သင့်ပါးစပ်က ပီကေဝါးနေရတဲ့အတွက်ကြောင့် အိပ်ချင်ပြေသွားပါလိမ့်မယ်။

ကြွက်သားများကို အညောင်းအညာဖြေပေးပါ

ဒိုက်ထိုးလေ့ကျင့်ခန်း အကြိမ် ၂၀ ခန့် ပြုလုပ်ပေးခြင်း (သို့) အခြားကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးမျိုးကို စက္ကန့် ၃၀ ခန့် ပြုလုပ်ပေးခြင်းအားဖြင့် ညောင်းညာနေတဲ့ ကြွက်သားများကို ပြေလျော့ပေးပြီး အိပ်ချင်စိတ်ကို ဖယ်ရှားနိုင်ပါတယ်။

Source: Brightside.me