ဆောင်းတွင်းလည်းရောက်လာပြီဆိုတော့ အသားအရေခြောက်တဲ့ ပြဿနာကို လူတိုင်းနီးပါး ရင်ဆိုင်လာပြီထင်တယ်နော်။ ဆောင်းတွင်းဆို အသားအရေ ခြောက်သွေ့ကြမ်းတမ်းတတ်လို့ ပိုပိုပြီး ဂရုစိုက်ရပါတယ်။
အရေပြားဆိုတာ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်လို့ အသားအရေကို ဂရုစိုက်သင့်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့အသားအရေကို တာ့တာလို့ နှုတ်ဆက်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ ရေများများသောက်ပါ
ရေများများသောက်ပေးပါ။ ရေများများသောက်တာဟာ သင့်အသားအရေကို စိုပြေစေပါတယ်။ ရေဟာ ဈေးကြီးကြီးပေးပြီးဝယ်ရတဲ့ မျက်နှာလိမ်းခရင်မ်တွေထက် သင့်အသားအရေကို စိုပြေစေတာပါ။
ရေအလုံအလောက်မသောက်ဘဲ အဲလိုခရင်မ်တွေလိမ်းနေမယ်ဆိုရင်လည်း သင့်အသားအရေစိုပြေလာမှာမဟုတ်ပါဘူး။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်သောက်ပါ။
၂။ အရေအကြာကြီးမချိုးပါနဲ့
လူတွေအများအားဖြင့် ရေချိုးရင် ဆပ်ပြာများများနဲ့ ကြာကြာချိုးရမယ်လို့ ခံယူထားကြပါတယ်။ ဒါပေမယ့် ဆပ်ပြာတွေ ခေါင်းလျှော်ရည်တွေဟာ သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။
တချို့က ရေကို မနက်တစ်ခါ ညတစ်ခါချိုးတတ်ကြပါတယ်။ တစ်နေ့တာလုံး ကိုယ်လက်လေ့ကျင့်ခန်း ထွေထွေ ထူးထူး လုပ်တာမျိုးမဟုတ်ရင် တစ်ရက်ကို ရေတစ်ကြိမ်သာ ချိုးသင့်ပါတယ်။
ရေအကြာကြီးချိုးတာကိုရှောင်ပါ။ ရေချိုးပြီးရင် Lotion လိမ်းပေးပါ။
၃။ ရေနွေးပူပူနဲ့ မချိုးပါနဲ့
သေချာပေါက် ဆောင်းတွင်းဆိုအေးလို့ ရေနွေးပူပူနဲ့ ရေချိုးချင်ကြမှာပါ။ ရေကို အရမ်းမပူပါစေနဲ့။ ရေပူပူဟာ သင့်အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဆောင်းတွင်းမို့ မဖြစ်မနေ ရေနွေးနဲ့ချိုးမယ်ဆိုရင်တောင် အပူချိန်ကို လျှော့ချိုးပါ။
၄။ အသားအရေကို ကာကွယ်ပါ
ဆောင်းတွင်းပဲဖြစ်ဖြစ် နွေရာသီပဲဖြစ်ဖြစ် အပြင်သွားမယ်ဆိုရင် Lotion မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။
ဆောင်းတွင်းမို့ (သို့) အေးနေလို့ သင့်အသားအရေမပျက်စီးဘူးဆိုတာ လုံးဝမဟုတ်ပါဘူး။ အထူးသသဖြင့် နေရောင်အောက်သွားမယ်ဆိုရင် နေရောင်ခြည်က သင့်အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေပြီး အရေးကြောင်းဖြစ်စေလို့ SPF အနည်းဆုံး ၃၀ ပါဝင်တဲ့ Lotion ကိုလိမ်းပေးပါ။
၅။ အသားအရေ စိုပြေစေတဲ့ အစားအစာစားပါ
အသီးအနှံတွေများများစားပါ။ ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ အစားအစာတွေ များများစားပေးတာဟာ သင့်အသားအရေကို စိုပြေစေပါတယ်။ ဘယ်လောက်ပဲဈေးကြီးတဲ့ ကုန်ပစ္စည်းတွေသုံးသုံး ခန္ဓာကိုယ်အတွင်းပိုင်းက ကျန်းမာမှုမရှိရင် သင့်အသားအရေလည်း ခြောက်သွေ့နေမှာပါပဲ။ ဒါ့ကြောင့် အစားအစာကို ဂရုစိုက်စားပါ။