သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ်ဆိုတာဟာ ဘုရားကပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။ အတုအယောင်တွေ အရမ်းများနေတဲ့ခေတ်ကြီးထဲမှာ Best Friend လို့ခေါင်းစဉ်တပ်ပြီး နောက်ကျောကိုဓားနဲ့ထိုးတဲ့သူတွေ အများကြီးပါ။ ဒါကြောင့် အတုအယောင်တွေမဟုတ်ဘဲ သင့်ကိုစိတ်ရင်းမှန်နဲ့ချစ်ခင်တဲ့ သူငယ်ချင်းဆိုတာကို သိနိုင်မယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Source: www.inspiredwomen.co.za

သင်နဲ့သင့်သူငယ်ချင်းဟာ မိသားစုတွေလိုရင်းနှီးနေတဲ့သူတွေဖြစ်နေရင်တော့ ယုံကြည်လို့ရတဲ့သူတစ်ယောက်ပါပဲ။ တစ်ယောက်အကြောင်းတစ်ယောက်လည်း အတွင်းသိအဆင်းသိတွေဖြစ်နေတာတောင် သင့်အပေါ်မှာ သစ္စာမဖောက်ဘဲ ဆက်ပြီးချစ်ခင်နေရင်တော့ သူငယ်ချင်းကောင်းတစ်ယောက်လို့ ပြောလို့ရပါတယ်။

ဒါ့အပြင် သင့်စိတ်ကိုလည်း နားလည်ပေးနိုင်တဲ့သူဆိုရင်တော့ သင့်အနေနဲ့ သူ့ကိုယုံကြည်လို့ရနေပါပြီ။

Source: www.youtube.com

သင့်အပေါ်မှာ တကယ်ကောင်းတဲ့သူငယ်ချင်း၊ တကယ်ခင်တဲ့သူငယ်ချင်းဆိုတာ သင်ဝမ်းနည်းချိန်၊ ကျရှုံးချိန်၊ ပျော်ရွှင်ချိန်တိုင်းမှာ သင်နဲ့အတူတူ ဝေမျှခံစားပေးနိုင်ပါတယ်။ ဝမ်းနည်းနေရင်အားပေးနှစ်သိမ့်ပေးပြီး သင့်ခံစားချက်တွေကို နားလည်ပေးမှာပါ။ ပျော်နေတဲ့အချိန်မှာလည်း အတူတူပျော်ရွှင်ပေးနိုင်ပါလိမ့်မယ်။

ဆင်းရဲတာ၊ ချမ်းသာတာမတွေးပဲ သူ့ရှိတာဆိုလည်း ကိုယ်စား၊ ကိုယ့်ရှိတာလည်း သူစားနဲ့ မတွက်ကပ်တတ်သူတွေပါ။ ပိုက်ဆံမရှိတဲ့အချိန်မှာတောင် မငြိုငြင်ပဲမျှစားတတ်သူတွေပါ။ ကိုယ့်မကောင်းကြောင်းတွေကိုလည်း တခြားသူကိုမပြောပဲ သစ္စာရှိရှိနဲ့ ခင်တတ်တဲ့သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ အခုခေတ်ကြီးထဲမှာ သင်ဟာကံကောင်းတဲ့သူတစ်ယောက်ပါပဲ။

Source: www.lifehacks.io

စိတ်တူကိုယ်တူနဲ့ ပျော်စရာရှိရင် သူများမျက်စိနောက်လောက်အောင်ကို အတူတူပျော်တတ်ကြတယ်။ တစ်ခါတစ်လေမှာ စိတ်အခန့်မသင့်လို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးစိတ်ကောက်ကြရင်တောင် ခဏလေးနဲ့စိတ်ဆိုးပြေပြီး မခေါ်မပြောပဲလည်း မနေနိုင်ကြပါဘူး။ ဒီလိုသူငယ်ချင်းမျိုးရှိနေရင်တော့ သင့်ကိုတကယ်ခင်တဲ့သူတစ်ယောက်ပါ။

Source: www.weekly.ascii.jp

ကိုယ့်ကိုတကယ်ခင်တဲ့ သူငယ်ချင်းကောင်းဆိုတာ တစ်ယောက်ကလမ်းမှားရောက်နေရင်လည်း အမုန်းခံပြီးပြောပေးတဲ့သူ၊ စိတ်ရှည်ရှည်နဲ့ပြန်လည်ပြုပြင်ပေးတဲ့သူတွေပါ။ မကောင်းရင်မကောင်းဘူးပြောပြီး ပြင်ပေးတာမှ တကယ့်သူငယ်ချင်းအစစ်ပါ။ ကောင်းကောင်းမကောင်းကောင်း မြှောက်ပင့်ပြောပြီး ရေလိုက်ငါးလိုက်နေတာမျိုးက သင့်အပေါ်တကယ့်စိတ်ရင်းနဲ့ခင်တဲ့သူ မဟုတ်ပါဘူး။

Source: www.morungexpress.com

ဒီလိုအချက်တွေနဲ့ပြည့်စုံနေတဲ့သူငယ်ချင်း သင့်မှာရှိနေရင်တော့ သင်ဟာ ကိုယ့်အပေါ်တကယ်ခင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါပဲ။