သင်က ဝိတ်ကျပြီး ပိုနေတဲ့ ကိုယ်အလေးချိန်ကို ပျောက်ကွယ်သွားစေချင်ရင် သင့်ရဲ့ ပြင်ပ ကြိုးစားမှုအပြင် အတွင်းစိတ် ခံယူချက် အတွေးကလည်း အရေးကြီးပါတယ်။ ဝိတ်ကျဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသင့်ပြီး ဒါတွေကို ကြိုက်ကြောင်း အတွေးမျိုး ဝင်နေဖို့ လိုပါတယ်။ ဒီလိုပဲ လေ့ကျင့်ခန်းလုပ်တာကိုလည်း ကြိုက်သင့်ပါတယ်။ ဝိတ်ကျဖို့အတွက် သင့်ဦးနှောက်တွေးခေါ်ပုံကို ပြောင်းလဲခြင်းက အထိရောက်ဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ပြောင်းတွေးသင့်တဲ့ အတွေးတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ငါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို အရမ်းကြိုက်တယ်

သင့်ဦးနှောက်ထဲကို သင်က ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားချင်တယ်၊ ကြိုက်တယ်ဆိုတဲ့ အတွေးမျိုး ရိုက်သွင်းသင့်ပါတယ်။ သင်က အမြဲတမ်း ကျန်းမာရေးနဲ့ ညီညွတ်တာတွေပဲ တောင့်တကာ စားချင်နေတဲ့ လူတစ်ယောက်အဖြစ် တွေးသင့်ပါတယ်။

၂။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတွေကို ချက်ဖို့ မစောင့်နိုင်တော့ဘူး

သင် တီထွင်ကောင်းရင် ကောင်းသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို အရသာ ရှိအောင် ချက်ပြုတ်နိုင်ပါတယ်။ သင်က ဒီလိုလေးတွေ ချက်ရတာ ဝါသနာပါသူ ဖြစ်ကြောင်း သင့်ကိုယ်သင် ယုံကြည်သင့်ပါတယ်။

၃။ ငါက နေ့တိုင်း အသီးအရွက် Salad ကို စားချင်တယ်

အချိန်တိုင်းမှာ အသီးအရွက် အသုပ်ကို စားဖို့ မစောင့်နိုင်တော့ကြောင်း အတွေးတွေးဖို့ သင့်ကိုယ်သင် တွန်းအားပေးသင့်ပါတယ်။ အချိန်တွေ ကြာလာတာနဲ့ အမျှ သင်က အသီးအရွက် Salad ကို ပိုနှစ်ခြိုက်လာပါလိမ့်မယ်။

၄။ ငါက လေ့ကျင့်ခန်း လုပ်ရတာ ကြိုက်တယ်

သင်က လေ့ကျင့်ခန်း လုပ်ရတာကို ကြိုက်နှစ်သက်ကြောင်း၊ သင်ကြိုက်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်လေ့ရှိသူ ဖြစ်ကြောင်း သင့်ကိုယ်သင် တွေးသင့်ပါတယ်။ ဒီလိုဆိုရင် လေ့ကျင့်ခန်း မလုပ်ဖြစ်တဲ့ နေ့တွေမှာ ဟာတာတာကြီး ဖြစ်နေပါလိမ့်မယ်။

၅။ ငါက လေ့ကျင့်ခန်းအတွက် အမြဲအချိန်ပေးတယ်

လေ့ကျင့်ခန်း လုပ်တဲ့အချိန်က ပြဿနာတွေ ဖြေရှင်းန်ိုင်ဖို့၊ ဘဝအကြောင်း ပြန်သုံးသပ်န်ိုင်ဖို့ ကျန်းမာရေးကောင်းဖို့ အခွင့်အရေးပေးတဲ့ အချိန်ပါ။ အချိန်ပေးတာ မဟုတ်ဘဲ လေ့ကျင့်ခန်းက ကိုယ့်ရဲ့ ဦးစားပေးတစ်ခုအနေနဲ့ ဖြစ်သင့်ပါတယ်။

၆။ ကျန်းမာရေးနဲ့ ညီညွတ်တာက ပျော်ဖို့ကောင်းတယ်

ပေါ့ပါးသွက်လက်တဲ့ ခန္ဓာကိုယ်က သင့်ကို စိတ်ချမ်းသာစေပြီး ပိုပျော်ရွှင်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူအတွက် ဂုဏ်ယူကြောင်း သင့်ကိုယ်သင် အသိအမှတ် ပြုသင့်ပါတယ်။

၇။ ရလဒ်တွေကို မိသားစုနဲ့ သူငယ်ချင်းဆီ မျှဝေမယ်

ကိုယ်လုပ်ဖြစ်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ချက်နည်းတွေ၊ လေ့ကျင့်ခန်းတွေကို သူငယ်ချင်းနဲ့ မိသားစုဆီမှာ မျှဝေပေးသင့်ပါတယ်။ ဒီလိုဆိုရင် သင် ဝိတ်ကျလာမှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar