မိန်းကလေးတော်တော်များများကလည်း အမေနဲ့အဖေယှဉ်လိုက်တဲ့အခါမှာတော့ အမေကိုတော့ ရင်ထဲမှာရှိနေတတ်ပေမယ့် အဖေကိုပိုချစ်တယ်လို့ ဖြေတတ်ကြတာက ထုံးစံလိုမျိုးဖြစ်နေပါပြီ။ အဖေဆိုတာကလည်း သမီးမိန်းကလေးကို ပိုပြီးတော့ အလေးပေးတတ်ကြတာကလည်း ရိုးရှင်းလွန်းတဲ့ ဓလေ့ထုံးစံလေး တစ်ခုလိုပဲပေါ့။ ဒါကြောင့် အဖေတွေအပေါ်မှာ သားသမီးတိုင်းမြင်တွေ့ရတတ်တဲ့ ချစ်စရာကောင်းတဲ့အကျင့်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါမယ်နော်။

မုန့်ဖိုးပေးတဲ့အချိန်တွေမှာ

မုန့်ဖိုးပေးတဲ့အချိန်တွေမှာဆိုရင်လည်း ပြောတတ်တာလေးတစ်ခုက ရှိထားသင့်လို့ပေးတာနော် သုံးဖို့မဟုတ်ဘူးဆိုတဲ့ စကားလေးပေါ့။ ပိုက်ဆံကလည်း ပေးပြီးကိုင်ထားစေချင်တယ်၊ သေချာနားမလည်ပဲသုံးစွဲပြီး အသုံးဖြုန်းကြီးသွားမှာကိုလည်း စိုးရိမ်တာကြောင့် ဒီလိုပြောတာလေးတွေကလည်း ချစ်စရာကောင်းနေရောပဲ။

ရည်းစားနဲ့ပတ်သက်လာရင်

အဖေဆိုတာမျိုးက ကိုယ့်သမီးကိုသူများ သူစိမ်းကကြည့်ရင်တောင် မကြိုက်တာမျိုးလေ။ ဒါပေမယ့် အချိန်တန်အရွယ်ရောက်လာတဲ့အခါမှာတော့ လောကသဘာဝတရားအရတော့ ချစ်တာကြိုက်တာမျိုးတွေလည်း ရှိလာနိုင်တာပဲလေ။ ဒါပေမယ့်လည်း အဖေဆိုတော့ သူတို့သမီးလေးကို ဒုက္ခရောက်အောင်လုပ်မယ့်သူလားဆိုတဲ့ စိတ်မျိုးနဲ့မကျေနပ်သလိုလည်း ကြည့်တတ်ကြပါတယ်။

အကောင်းမြင်စိတ်ရှိတယ်

ငယ်ငယ်ထဲကနေ အခုအရွယ်ရောက်တဲ့အထိ စဉ်းစားကြည့်လိုက်ရင် ကိုယ့်ကိုအမေလောက်တောင် စိတ်ဆိုးပြီးဆူတာမျိုးတွေ မရှိခဲ့လောက်ပါဘူး။ လုပ်သမျှအရာတိုင်းကို အကောင်းမြင်တတ်ပြီး တော်တယ်၊ ဆက်ပြီးကြိုးစားရင်တော့ ပိုကောင်းတာပေါ့ ဆိုတာမျိုးတွေကို ပြောပြပြီးမှန်ကန်တဲ့ လမ်းကြောင်းလေးတွေကိုပဲ လမ်းပြပေးသွားတတ်တဲ့ သူတစ်ယောက်ပါ။

အပေါင်းအသင်းမှာဆိုရင်

ကိုယ်ပေါင်းနေတဲ့သူတွေကို လေ့လာပြီး ဘယ်သူနဲ့တော့မပေါင်းနဲ့ဆိုတာမျိုးထက် လူတွေရဲ့စိတ်နဲ့ နားလည်နိုင်မှု၊ သည်းခံတတ်မှုနဲ့ ရှောင်သင့်တဲ့သူတွေ အကြောင်းကိုသေချာပြောပြပြီး လမ်းညွန်ပေးနိုင်တာတွေကြောင့် ဗဟုသုတတွေလည်း အများကြီးရလာတာပေါ့။

ရင်းနှီးမှုရှိအောင်

တကယ်တော့ မိန်းကလေးတော်တော်များများက အဖေကိုချစ်တယ်ဆိုပေမယ့် အမေကိုတော့အသေးအဖွဲအရာလေးတွေကအစ ပြောပြတတ်ပေမယ့်အဖေနဲ့ကျတော့လည်း အဲလောက်မရင်းနှီးပဲ ချစ်ကြောက်လေးချစ်နေရတာပေါ့။ ဒီလိုမျိုးတွေ မဖြစ်အောင် သူတို့ကိုယ်တိုင်ကလည်း သူငယ်ချင်းလိုမျိုးပေါင်းပြီး ချစ်ခင်နေကြတဲ့ သားအဖတွေလည်း အများကြီးပဲပေါ့။