သင်ဟာပျော်ပျော်နေတတ်တဲ့သူလား။ ပျော်ရွှင်မှုဆိုတာ ရှာရခက်တဲ့အရာတစ်ခုလို့ ထင်မြင်မိပါသလား။ တကယ်တော့ လောကကြီးမှာ နေတတ်ရင် ပျော်စရာကြီးပါနော်။ ပျော်ရွှင်တယ်ဆိုတာ ချမ်းသာကြွယ်ဝခြင်း ဆင်းရဲခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ကိုယ့်ဘဝကိုကိုယ် ကျေနပ်ရောင့်ရဲမှုရှိရင် သင်ဟာပျော်ရွှင်တဲ့လူသားတစ်ယောက်ဖြစ်လာမှာပါ။

တစ်ချို့တွေ ချမ်းသာကြွယ်ဝနေပေမယ့် လောဘမီးတွေနဲ့ ပူလောင်နေတာတွေရှိသလို တစ်ချို့သောသူတွေဟာ ငွေကြေးအရ မပြည့်စုံပေမယ့် အမြဲတမ်း ရယ်မောပျော်ရွှင်နေရတဲ့သူတွေလည်းရှိပါတယ်။ ပျော်တတ်တဲ့သူတွေရဲ့ အကျင့်စရိုက်လေးတွေနဲ့ ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာဖို့ ဘာတွေလိုအပ်လဲဆိုတာ မျှဝေပေးပါမယ်။

၁။ ကျေဇူးတင်တတ်တယ်။

သူတပါးအပေါ် ကျေးဇူးတင်တတ်တာဟာ ပျော်ရွှင်မှုဆိုတာ ဖြစ်လာဖို့အတွက် လိုအပ်တဲ့အရာတစ်ခုပါပဲ။ သင့်ဘဝမှာ ရရှိခဲ့တဲ့ သင့်ကို စိတ်ကျေနပ်စေတဲ့အရာတွေအပေါ် ကျေးဇူးတင်လိုက်ပါ။ အဲဒီအပေါ် ဝမ်းမြောက်ဝမ်းသာမရှိဘဲ သင့်မှာ ဘယ်လောက်ပဲ ကြွယ်ဝနေ ကြွယ်ဝနေ ပိုပိုပြီး လောဘကြီးရှာဖွေနေရင်တော့ သင်ဘယ်တော့မှပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။

၂။ လက်ရှိအချိန်ကိုသာ အာရုံစိုက်တယ်။

ပျော်ရွှင်တဲ့သူတွေဟာ လက်ရှိဘဝမှာ ဖြစ်တည်နေတဲ့အရာအပေါ်မှာပဲ အာရုံစိုက်ကြပါတယ်။ အတိတ်မှာ ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ သူတို့တွေဟာ တွေးတွေးပြီး တနုံ့နုံ့နောင်တရနေမှာမဟုတ်သလို အနာဂတ်အတွက်လည်း သိပ်ပြီးစိုးရိမ်ပူပန်နေမှာမဟုတ်ပါဘူး။ လက်ရှိအနေအထားကို အကောင်းဆုံးလုပ်တာဟာ အနာဂတ်အတွက်လည်း ကောင်းမွန်တဲ့ ဘဝကို ရရှိလာမှာဖြစ်ပါတယ်။

၃။ ဟာသပြောတတ်တယ်။

ဟာသဆိုတာ သင်ရော သင့်ပတ်ဝန်းကျင်ကလူတွေပျော်ရွှင်ဖို့ရော သိပ်ကိုလိုအပ်တဲ့အရာပါပဲ။ သင်ဘယ်မှာနေနေ သင်ဘယ်မှာအလုပ် လုပ်လုပ် ဟာသဆိုတာလူတိုင်းပိုင်ဆိုင်တဲ့အရာပါ။ ပျော်တတ်တဲ့သူတွေဟာ ဟာသနဲ့ မွေ့လျော်တတ်သလို ဟာသလည်းပြောတတ်ပါသေးတယ်။ စာဖတ်သူတို့လည်း တစ်ယောက်ယောက်က ရယ်စရာပြောတဲ့အခါ လိုက်ရယ်ပါ။ ရယ်ရမှာမကြောက်ပါနဲ့။ အားရပါးရသာရယ်လိုက်ပါ။

၄။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတယ်။

Source: Shutterstock

ပျော်ရွှင်တတ်တဲ့သူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပါတယ်။ အဲဒီယုံကြည်မှုက သင့်ရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး စိုးရိမ်ပူပန်မှုကိုလည်း လျှော့ကျစေပါတယ်။ စာဖတ်သူတို့လည်း သင့်ကိုယ်သင် ယုံကြည်မှုရှိပါ။

၅။ လိုက်လျောညီထွေဖြစ်အောင်နေတတ်တယ်။

ဘဝဆိုတာ အချိုးအကွေ့ အလှည့်ပြောင်းတွေများလာပါတယ်။ ပျော်တတ်တဲ့သူတွေဟာ ဘဝရဲ့ အလှည့်အပြောင်းအတိုင်း လိုက်လျောညီထွေဖြစ်အောင် နေတတ်ကြတဲ့သူတွေပါ။

၆။ အကောင်းမြင်တတ်တယ်။

Source: Obstetrics & Gynaecology – International Women’s Clinic

ပျော်ရွှင်တဲ့သူတစ်ယောက်ဟာ အရာအားလုံးကို အကောင်းမြင်တတ်တဲ့စိတ်ရှိပါတယ်။ ဘယ်အရာကိုမဆို အနုတ်သဘောဆောင်ပြီး မကောင်းမြင် နေတာက သင့်ကို ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာစေမှာမဟုတ်ပါဘူး။ အကောင်းမြင်တတ်တဲ့စိတ်ဟာ သင့်ကို ပိုမိုပျော်ရွှင်တဲ့သူတစ်ယောက် ဖြစ်လာစေမှာပါ။

၇။ ရင့်ကျက်ကြတယ်။

Source: Pinterest

ပျော်တတ်တဲ့သူတွေဟာ ရင့်ကျက်တဲ့သူတွေပါ။ မမြင်နိုင်တဲ့ အရာတွေ ကြိုပြီး မစိုးရိမ်တတ်ပါဘူး။ ငွေကြေးတွေကို စီမံခန့်ခွဲနိုင်သလို ငွေကြေးတွေကို လည်း အလဟာသမဖြုန်းတီးတတ်တဲ့သူတွေပါ။ အရေးအကြောင်းကြုံလာရင် သုံးစရာအဖြစ်စုဆောင်းထားလို့ သူတို့တွေဟာ ဘာမှသိပ်မပူပင်ရပါဘူး။ ဘယ်လောက်ချမ်းသာတယ် ကြွယ်ဝတယ်ဆိုတဲ့အပေါ် လူတစ်ယောက်ရဲ့ တန်ဖိုးကို မဖြတ်တတ်တဲ့သူတွေပါ။