လူတွေက အမြဲပြောင်းလဲတတ်ကြတာကို သင်သိပြီးသားဖြစ်မှာပါ။ ကိုယ်က လူတစ်ယောက်အပေါ်မှာ စိတ်နှစ်ပြီးချစ်မိသွားတဲ့အချိန်မှာပဲ့ သူတို့ပြောင်းလဲသွားတဲ့အခါ ပိုပြီးတော့နာကျင်ခံစားရပါတယ်။ ရည်းစားတွေဖြစ်မှ မဟုတ်ပါဘူး။ ရည်းစားမဖြစ်သေးပဲ၊ ဖွင့်မပြောရသေးပဲ တစ်ယောက်နဲ့တစ်ယောက် သဘောကျနေကြတဲ့အချိန်မှာတောင် ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်။ နောက်ပြီး လူတစ်ယောက်က ကိုယ့်အပေါ်မှာ စိတ်ဝင်စားမှုမရှိတော့ဘူး၊ သဘောမကျတော့ဘူးဆိုရင် သူတို့ပြောင်းလဲလာတဲ့အချက်တွေကလည်း အရမ်းကိုသိသာပါတယ်။

ကဲ…ဒါကြောင့် ကိုယ့်ရဲ့တန်ဖိုးကို မမြင်ပဲ့ ကိုယ့်ကိုသဘောမကျတဲ့သူအတွက် နာကျင်ခံစားနေမယ့်အစား ဒီအရာလေးတွေကို သင်တွေ့မြင်လာရပြီဆိုရင် သင့်ကို အဆိပ်ဖြစ်စေမယ့်သူတို့နဲ့ ခပ်ကင်းကင်းနေနိုင်ဖို့ ကြိုးစားလိုက်ပါ။

ကိုယ့်အပေါ် အရင်ကလို ဂရုတစိုက်မရှိခြင်း

အရင်က ကိုယ်နဲ့ပတ်သက်လာရင် အသေးစိတ်လေးကအစ လိုက်ဂရုစိုက်ပြီးပြောတတ်ပေမယ့် ကိုယ့်အပေါ်မှာ စိတ်ဝင်စားမှုမရှိတော့တဲ့အခါ အရင်လို ဂရုစိုက်မနေတော့ဘူး။ စစချင်းမှာတော့ ဂရုစိုက်မှုတွေက လျော့လာတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ လုံးဝဂရုမစိုက်တော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

စကားပြောတဲ့ပုံစံတွေကအစ ပြောင်းလဲလာမယ်

အရင်က သူနဲ့စကားပြောရတာ ကိုယ့်အတွက်ပျော်စရာကောင်းတယ်၊ စိတ်ချမ်းသာရတယ်။ နောက်ပိုင်းမှာတော့ တဖြေးဖြေးနဲ့ အရင်လို ပျော်စရာမကောင်းတော့ဘူး။ သူ့ရဲ့စကားပြောပုံတွေကလည်း ပြောင်းလဲလာမယ်။ တဖြေးဖြေးနဲ့ပြောင်းလဲလာပြီးရင် ထွက်သွားနိုင်တာမို့ ကိုယ့်ဘက်က အရမ်းစိတ်မနှစ်ထားပါနဲ့။

သူ့ရဲ့အချိန်တွေက ကိုယ့်အတွက် မဟုတ်တော့ဘူး

အရင်က တစ်ချိန်လုံး ကိုယ်နဲ့ပဲစကားပြော၊ ကိုယ်နဲ့ပဲအချိန်တွေ အများကြီးကုန်ဆုံးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူနဲ့စကားပြောဖို့ကို အချိန်တော်တော်လုယူရလိမ့်မယ်။

ကိုယ့်ကို အရင်လောက်စိတ်မဝင်စားတော့ဘူး

အရင်က တစ်ခုခုဆို ကိုယ်နဲ့ပတ်သက်ပြီး သူအမြဲသိချင်တယ်၊ စိတ်ဝင်စားခဲ့သလောက် နောက်ပိုင်းမှာတော့ အရင်လိုလည်း လိုက်မမေးတော့ဘူး။ သိပ်ပြီးလည်း စိတ်မဝင်စားတော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ပြောတဲ့စကားတွေကိုလည်း နားထောင်မှုမရှိတော့ဘူး

အရင်က ကိုယ်ပြောသမျှနားထောင်ပြီး ကိုယ်စိတ်ဆိုးသွားမှာကို ကြောက်ပေမယ့် နောက်ပိုင်းမှာတော့ သင်ပြောတာကိုလည်း နားမထောင်တော့ဘူး။ သူလုပ်ချင်သလိုလုပ်လာမယ်။ မေးလိုက်တိုင်းမှာလည်း စကားကို ရှောင်ပြောမယ်။ သင်စိတ်ဆိုးစိတ်ကောက်ရင်လည်း အဖတ်မလုပ်တော့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။