ကမ္ဘာတစ်ဝှမ်းက အနုပညာရှင်တွေအနေနဲ့ အသက်အရွယ်ဘယ်လောက်ဖြစ်ဖြစ်၊ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် အမြဲတမ်းလှပနေပြီး ကြည့်လို့ကောင်းနေရတဲ့ အကြောင်းအရင်းက ဘာကြောင့်ပါလိမ့်ဆိုပြီးတော့ စဥ်းစားဖူးပါသလား။

သူတို့လိုပဲ ကိုယ်လည်းလှချင်တယ်ဆိုရင် တစ်နေ့တစ်နေ့ ဂရုတစိုက်နဲ့ ကိုယ့်အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲ၊ ဘယ်လိုအချက်တွေကို အထူးသတိထားရမလဲဆိုတာကို သိထားဖို့လိုအပ်ပါလိမ့်မယ်။ အခုပြောပြပေးမယ့်အချက်လေးတွေကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ သေချာစည်းစနစ်ကျကျ လိုက်နာပေးရုံပါပဲ။

Sunscreen ရဲ့ ကျေးဇူးကိုလျစ်လျူမရှုလိုက်ပါနဲ့

Sunscreen ကို ပုံမှန်အသုံးမပြုပေးဘဲနဲ့ ကျန်းမာလှပတဲ့အသားအရေလေးကို မပိုင်ဆိုင်နိုင်ပါဘူး။ မက်ဒေါနားနဲ့အတူတူ အလုပ်လုပ်တဲ့ အလှကုန်ပစ္စည်းကျွမ်းကျင်ပညာရှင် Mamie McDonald ရဲ့ပြောစကားအရ ဒီလိုအရေးကြီးတဲ့အချက်ကို လျစ်လျူရှုလိုက်မယ်ဆိုရင် တခြားအားစိုက်ထုတ်ထားသမျှက အလဟဿဖြစ်သွားပါလိမ့်မယ်။ ၃၀ ထက်မနည်းတဲ့ SPF ပါဝင်တဲ့ ခရင်မ်ကို နေ့ခင်းဖက်ချိန်မှာ ပြန်ပြန်လိမ်းပေးဖို့အတွက်လည်း အကြံပြုထားပါသေးတယ်။

လည်ပင်းကိုလည်း မေ့မထားခဲ့ပါနဲ့

လူတစ်ယောက်ရဲ့ အသက်ဘယ်လောက်ရှိပြီလဲဆိုလဲဆိုတာကို မိန်းမတစ်ယောက်ရဲ့ လည်ပင်းကနေလည်း ပြောပြနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့လည်ပင်းကိုလည်း အထူးဂရုစိုက်ဖို့အတွက် လိုအပ်ပါတယ်။ လည်ပင်းအသားအရေက အင်မတန်ပါးလွှာတာကြောင့် မျက်နှာနည်းတူ အထူးသတိထားပြီး ထိန်းသိမ်းပေးရမှာပါ။

ရေခဲပွတ်ပေးပါ

မျက်နှာအသားအရေကို စက္ကန့်အနည်းငယ်လောက် ရေခဲတုံးနဲ့ပွတ်ပေးခြင်းက အသားအရေမွဲခြောက်ခြောက်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ သွေးလေလည်ပတ်မှုကိုလည်းကောင်းစေတာကြောင့် အသားအရေကို ဝင်းလက်လာစေမှာဖြစ်ပါတယ်။

အလှကုန်ပစ္စည်းတွေကို စနစ်တကျသိမ်းဆည်းပါ

ရေချိုးခန်းက ပူပူနွေးနွေးရှိသည့်အတွက် အလှကုန်ပစ္စည်းတွေကို ထိုအထဲမှာ သိမ်းထားခြင်းက မြန်မြန်ဆန်ဆန်နဲ့ ဒိတ်လွန်စေနိုင်ပါတယ်။ ခဏခဏ သုံးလေ့မရှိတဲ့ အလှကုန်ပစ္စည်းတွေဆိုရင် ရေခဲသေတ္တာထဲမှာ သိမ်းထားသင့်ပါတယ်။

အသားအရေနဲ့ထိသမျှ ပစ္စည်းတွေကို သန့်သန့်ရှင်းရှင်းထားပါ

သင့်ရဲ့မျက်နှာကို လက်ညစ်ညစ်ပတ်ပတ်တွေနဲ့ ဘယ်တော့မှမထိသင့်ပါဘူး။ သင့်အသားအရေက ခြောက်သွေ့တယ် ဒါမှမဟုတ် သာမန်အသုံးအရေရှိတယ်ဆိုရင် တပတ်တကြိမ် ခေါင်းအုံးစွပ်တွေလဲပေးပါ။ အဆီပြန်တဲ့ပိုင်ရှင်တွေအနေနဲ့ သုံးရက်တစ်ကြိမ်လဲပေးပါ။ စမတ်ဖုန်းမျက်နှာပြင်ကိုလည်း မကြာခဏဆိုသလို ပွတ်တိုက်သန့်ရှင်းပေးပါ။

ဝက်ခြံဖြစ်လွယ်တယ်ဆိုရင် ချေးမချွတ်ပါနဲ့

ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်များအနေနဲ့ သာမန်လူတွေလိုမျိုး ချေးချွတ်တာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ ဆပ်ပြာမသုံးဘဲ မျက်နှာသစ်ဆေးနုနုလေးနဲ့ မျက်နှာသစ်တာမျိုးကိုပဲ ပြုလုပ်သင့်ပါတယ်။

လက်ကိုလည်းထိန်းသိမ်းပါ

လက်အသားအရေတွေကလည်း ပါးလွှာနူးညံ့တဲ့အတွက်မို့ လည်ပင်းနည်းတူ ဂရုစိုက်ဖို့အတွက်လိုအပ်ပါတယ်။ အိမ်အလုပ်တွေလုပ်တဲ့အခါ လက်အိတ်စွပ်တာ၊ ခရင်မ်လေးတွေလိမ်းပေးတာမျိုးကို လုပ်ပေးသင့်ပါတယ်။ Sunscreen ကိုလည်း မမေ့လိုက်ပါနဲ့အုံး။

အသားအရေကို သေချာသန့်စင်ပါ

မျက်နှာပေါ်က မိတ်ကပ်တွေကို သေချာသန့်စင်ထားခြင်းမရှိဘဲနဲ့ အိပ်ရာလုံးဝမဝင်သင့်ပါဘူး။ မျက်နှာသေချာပြောင်စင်အောင် မသစ်ဘဲနဲ့ အိပ်ရာဝင်လိုက်မယ်ဆိုပါက ချွေးပေါက်တွေပိတ်စေကာ ရောင်ရမ်းခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။

အိပ်ရာဝင်တိုင်း အတွင်းခံဘရာချွတ်အိပ်ပါ

တင်းကြပ်တဲ့ဘရာ သို့မဟုတ် ဝိုင်ယာပါတဲ့ ဘရာတွေကို ညဖက်တွေမှာဝတ်ပြီးအိပ်ခြင်းက သွေးလေလည်ပတ်မှုကို အနှောင့်အယှက် ဖြစ်စေတာကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ အသားအရေယားယံခြင်း၊ နေထိုင်မကောင်းခြင်းတွေကိုလည်း ဖြစ်စေနိုင်တာကြောင့် ညဖက်တွေဆိုရင် ချွတ်ပြီးအိပ်တာက အကောင်းဆုံးပါပဲ။

Source: BrightSide