အနုပညာမြောက်လှတဲ့ ဖန်တီးမှုလက်ရာတွေနဲ့အတူ ပရိသတ်တွေရဲ့ စိတ်အာရုံကို ညှိ့ငင်ဖမ်းစားထားတဲ့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်မှာ လှည့်ကွက်များစွာ မြုပ်နှံပြီး ရိုက်ကူးဖန်တီးထားကြတယ်ဆိုတာ သင်သိပါသလား။

ဟုတ်ပါတယ် သင်ကြည့်နေတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုဟာ ပိတ်ကားအထက်မှာ ပြီးပြည့်စုံတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ လှည့်ကွက်များစွာကို ထည့်သွင်းရိုက်ကူး ထားကြတာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ပရိသတ်တွေ တော်ရုံ မသိသေးတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက လှည့်ကွက်တွေအကြောင်း ဖော်ကောင်လုပ်ကာ ပြောပြလိုက်ချင်ပါတယ်။

(၁) ရေစိုနေတဲ့ လမ်းမကြီးများ

ဟောလိဝုဒ် ရုပ်ရှင်အများစုရဲ့ ညဘက်မြင်ကွင်းတွေမှာဆိုရင် ဇာတ်ကောင်တွေက ရေစိုနေတဲ့ လမ်းမကြီးတွေပေါ်မှာ ကားမောင်းလေ့ရှိကြတာကို အားလုံး သိထားမိကြမယ် ထင်ပါတယ်။ တကယ်တော့ အနောက်နိုင်ငံတွေရဲ့ ကားလမ်းမတွေ အမြဲတမ်း မိုးရွှာပြီး စိုစွတ်နေတာ မဟုတ်ပါဘူး။

ရေစိုနေတဲ့ လမ်းမတွေက မီးရောင်တွေရဲ့ အလင်းပြန်မှုနဲ့အတူ ညမြင်ကွင်းကို ပိုပြီး လှသွားစေတာကြောင့် တမင်ဖန်တီး ရိုက်ကူးကြတာ ဖြစ်ပါတယ်။

(၂) လူစုလူဝေးများ

ရုပ်ရှင်တွေထဲမှာ မြင်ရတဲ့ လူစုလူဝေးတွေက အတုလား အစစ်လား ဝေခွဲရအခက်သားပါ။ တကယ်တော့ ရုပ်ရှင်အများစုမှာ မြင်ရတဲ့ ထောင်ပေါင်းများစွာသော လူစုလူဝေးတွေဟာ ဘတ်ဂျက်အနေထားအရ အလွန်စျေးကြီးတာကြောင့် နည်းပညာ အကူအညီနဲ့ ကွန်ပြူတာ အထူးပြုချက်တွေသုံးပြီး လူစုလူဝေပုံစံတွေ ဖန်တီးရိုက်ကူးကြရတာ ဖြစ်ပါတယ်။ ဒီလိုကွန်ပြူတာ အထူးပြုချက်တွေနဲ့ လူစုလူဝေး  မြင်ကွင်းတွေကို The King’s Speech ရုပ်ရှင်ဇာတ်ကားထဲမှာ သိသာထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။

(၃) မူးယစ်ဆေးဝါး

ရုပ်ရှင်တွေထဲမှာ ပြသထားတဲ့ မူးယစ်ဆေးတွေက အစစ်မဟုတ်ဘူးဆိုတာ တော်တော်များများ ခန့်မှန်းမိကြမှာပါ။ ဟုတ်ပါတယ် ဇာတ်ဝင်ခန်းတစ်ချို့မှာတွေ့ရတဲ့ ကိုးကင်းနဲ့ ဘိန်းဖြူလို မူးယစ်ဆေးတွေဟာ တကယ်တော့ နို့မှုန့် ၊ ဗီတာမင်မှုန့် နဲ့ သကြားတွေကို မူးယစ်ဆေးဝါးတွေအဖြစ် ရိုက်ကူးထားကြတာ ဖြစ်ပါတယ်။

(၄) သွေး

ရုပ်ရှင်ထဲမှာ သွေးထွက်သံယိုအခန်းတွေရိုက်တဲ့အခါ အချဉ်ရည်တွေကို သွေးအဖြစ် သုံးကြတယ်လို့ ငယ်ငယ်က ကြားဖူးကောင်း ကြားဖူးခဲ့ပါလိမ့်မယ်။ တကယ်တော့ ဒါဟာ သွေးအစစ် မဟုတ်သလို အချဉ်ရည်လည်း မဟုတ်ပါဘူး။ အစားအသောက်တွေထဲမှာ ထည့်သုံးတဲ့ အရောင်တင်မှုန့်နဲ့ ဖျော်စပ်ထားတဲ့ ပြောင်းဖူး သကြားရည်ကို အသုံးပြုကြတာ ဖြစ်ပါတယ်။ အဖြူအမည်း ရုပ်ရှင်ခေတ်တုန်းကတော့ ချောကလက်ဆော့စ်ကို သွေးအဖြစ် သုံးခဲ့ကြပါတယ်။

(၅) ချစ်ခန်းကြိုက်ခန်း

မင်းသား မင်းသမီးတွေရဲ့ အိပ်ရာပေါ်က ချစ်ခန်းကြိုက်ခန်းတွေဟာ ရုတ်တရက်ကြည့်ရင်တော့ တကယ်လား ၊ ဘာလား မေးခွန်းများစွာ ထွက်စေပါတယ်။ တကယ်တော့ ဒီလို 18+ အိပ်ရာပေါ်က ချစ်ခန်းကြိုက်ခန်းတွေ ရိုက်တဲ့အခါ မင်းသားနဲ့ မင်းသမီးတွေကြားမှာ ခေါင်းအုံးတွေ ခံထားတာ ၊ အသားရောင်နဲ့ တစ်ထပ်တည်းကျတဲ့ အတွင်းခံတွေ ဝတ်ဆင်ပြီး ရိုက်ကူးကြတာ ဖြစ်ပါတယ်။

(၆) ဖန်ကွဲစများ

အက်ရှင် ဇာတ်ကားတွေထဲမှာ အများဆုံး မြင်ရတဲ့ ဖန်ကွဲစတွေက တကယ်တော့ Sugar Glass လို့ခေါ်တဲ့ သကြားနဲ့ ပြုလုပ်ထားတဲ့ မှန်အတုတွေ ဖြစ်ပါတယ်။ ဒီသကြား ဖန်ကွဲစတွေက အစစ်နဲ့ ခွဲခြားမရအောင်တူလွန်းပြီး အန္တရာယ်လုံးဝမရှိတဲ့အပြင် စားလို့ပါ ရပါတယ်။ ဒီဘက်ခေတ် ခေတ်ပေါ်ရုပ်ရှင်တွေမှာတော့ ဘေးကင်းမှုရှိတဲ့ ပါးလွှာတဲ့ ပလပ်စတစ်ဖန်ကွဲစတွေကို အသုံးပြုလာကြပါတယ်။

Photo : Bright Side