မိန်းကလေးတွေဟာ သူတို့ရဲ့ နေ့စဥ်အသွင်အပြင်နဲ့ ပတ်သက်လာရင် သူများအမြင်မှာ ကြည့်ကောင်းစေဖို့အတွက် တစ်နေ့တစ်မျိုးမရိုးရအောင်ကို ကြိုးစားအားထုတ်တတ်ကြပါတယ်။ တချို့တွေအတွက်တော့ ကြည့်ပျော်ရှုပျော်ရှိဖို့ဟာ အနောက်ကနေ မနားတမ်းဖိအားတွေပေးနေတဲ့ တာဝန်ဝတ္တရားကြီးတစ်ခုလိုကို ဖြစ်နေတတ်ပါတယ်။ သို့သော်လည်း အမျိုးသမီးအများစုအတွက်ကတော့ စိတ်ပျိုကိုယ်နုဆိုတဲ့အတိုင်း ခံစားချက်တွေက အလိုလိုပေါ်ပေါက်လာတာဖြစ်ပြီး ကျန်းမာညီညွတ်တဲ့ နေထိုင်မှုတစ်ရပ်အနေနဲ့ကို စွဲကပ်လို့နေပါတယ်။

အခုလိုမျိုး မိန်းကလေးတွေနဲ့ အလှအပဆိုတာက ခွဲခြားလို့မရတာကြောင့် အလှကုန်ပစ္စည်းအများစုကလည်း ဒီလိုမျိုး အလှကြိုက်တဲ့မိန်းကလေးတွေကိုပဲ ဦးတည်ပြီး သူတို့ပစ္စည်းတွေဝယ်အောင်လို့ ကြိုးစားနေကြတာမဟုတ်ပါလား။

အခုလိုမျိုး ဖက်ရှင်က အရေးပါလာတဲ့ခေတ်ကြီးထဲမှာ အပေါ်အောက် အကျီနဲ့ဘောင်းဘီဝတ်ထားရုံနဲ့တင် မဖြစ်တော့ပါဘူး။ သူ့နေရာနဲ့သူ လိုက်ဖက်သင့်တော်တဲ့ Accessories လေးတွေကိုလည်း တွဲဖက်ဝတ်ဆင်မှသာလျှင် ကိုယ့်ရဲ့အသွင်အပြင်ကလည်း နဂိုထက်ကို အများကြီးကွာခြားသွားနိုင်ပါတယ်။

အရောင်အသွေး၊ ပုံစံဒီဇိုင်းအစုံအလင်နဲ့ ထွက်ရှိလာခဲ့တဲ့ Accessories တွေထဲကမှ အမျိုးသမီးအများစု ဘယ်လိုမှ လျစ်လျူမရှုထားနိုင်တဲ့ Accessories ငါးမျိုးကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

ဖိနပ်

အားကစားရှူးဖိနပ်၊ ဒေါက်ဖိနပ်၊ လေဒီရှူးဖိနပ်၊ ခြေညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ် စသဖြင့် အမျိုးမျိုးထွက်ရှိထားသလို အကျီဘောင်းဘီလိုပဲ ဖိနပ်ကလည်း မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။

လက်ဝတ်ရတနာ

လက်ရှိအချိန်မှာ မိန်းကလေးတွေကို ကြည့်လိုက်မယ်ဆိုရင် ဆယ်ယောက်မှာ ရှစ်ယောက်လောက်က ဆွဲကြိုး သို့မဟုတ် နားကပ် သို့မဟုတ် လက်စွပ် တစ်ခုခုကတော့ ဝတ်ထားတာကို တွေ့ရမှာပါ။ ဖန်စီပုံစံလေးတွေက မရိုးရလေအောင် အများကြီးထွက်ထားတော့ စိတ်တိုင်းကျသာ ရွေးပေတော့ပေါ့။

လက်ကိုင်အိတ်

ဖိနပ်ပြီးရင် မိန်းကလေးတွေ အမက်ဆုံး Accessory တစ်ခုကိုပြောပါဆို အိတ်တွေပါပဲ။ ကိုယ့်မှာ ဘယ်လိုအရောင်၊ ဘယ်လိုပုံစံမျိုးနဲ့ အိတ်တွေသုံးမလောက်အောင် ရှိထားရင်တောင်မှ အသစ်ထွက်လာပြီဆိုတိုင်း လိုချင်ကြတာလည်း မိန်းကလေးတွေရဲ့ သဘာဝတစ်ခုလိုကို ဖြစ်နေပါပြီ။

လက်ပတ်နာရီများ

ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်လိုတဲ့ အမျိုးသမီးများအနေနဲ့ မေ့ချန်ထားခဲ့လို့မရတဲ့ Accessory ကတော့ လက်ပတ်နာရီပါပဲ။ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေ ချိန်းဆိုတဲ့အခါ အလေးထားရမယ့် အချိန်ကိုလည်းသိနိုင်သလို စမတ်ကျတဲ့ လေဒီတစ်ဦးအသွင်လည်း ဆောင်နိုင်မှာဖြစ်ပါတယ်။

ပုဝါ

မိန်းကလေးဆန်ဆန် အသွင်ကိုအလိုရှိတဲ့ ပျိုမေများအတွက်တော့ ပုဝါတစ်ထည်က မရှိမဖြစ်လိုအပ်တဲ့ Accessory တစ်ခုပါ။ လည်ပင်းတစ်ဝိုက် ပတ်ထားတာပဲဖြစ်ဖြစ် ခါးမှာခါးပတ်ပုံစံမျိုးအနေနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် ခေါင်းမှာဘီးကုပ်အနေနဲ့ဖြစ်ဖြစ် ခေါင်းစည်းကြိုးအနေနဲ့ဖြစ်ဖြစ် မျိုးစုံကို မိမိမိုက်မိုက် အသုံးပြုနိုင်ပါတယ်။