မင်္ဂလာပါ ပျိုမေတို့ရေ။ ၉၀ ဒီဂရီအဖြောင့်ဆွဲထားသလို အချိုးအဆစ်ကျတဲ့ ပုခုံးတန်းသွယ်သွယ်တွေကိုတော့ ပျိုမေတိုင်းလိုချင်ကြမယ်ထင်ပါတယ်နော်။ ဒီလိုပုခုံးတန်းပြေပြေလေးတွေက Off Shoulder အင်္ကျီတွေနဲ့လည်း လိုက်ဖက်သလို ကြည့်လိုက်တာနဲ့ တင်းထွက်နေတဲ့ ဆွဲဆောင်မှုတစ်မျိုးကိုလည်း ပိုင်ဆိုင်စေပါတယ်။ ဥပမာအနေနဲ့ အလှအပပိုင်းမှာစံထားရတဲ့ အမျိုးသမီး Kpop Idol တွေဖြစ်တဲ့ Bae Suzy ၊ Itzy အဖွဲ့ဝင် Lia ၊ Apink အဖွဲ့ဝင် Naeun ၊ Blackpink အဖွဲ့ဝင်တွေနဲ့ Aespa အဖွဲ့ဝင် Karina စတဲ့ Idol တွေမှာ ဒီလိုအချိုးကျတဲ့ပုခုံးတန်းလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။
သင့်အနေနဲ့လည်း သူတို့လို ပုခုံးတန်းလေးရဖို့ လေ့ကျင့်ခန်းအချို့လုပ်ပြီး ပြုပြင်နိုင်တာမို့ ဒီတစ်ခေါက်မှာ ၉၀ ဒီဂရီအချိုးကျစေမယ့် ပုခုံးအကြောလျော့လေ့ကျင့်ခန်းတွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Shoulder Butterflies

အရင်ဆုံး လက်နှစ်ဖက်ကွေးကာ ခေါင်းနောက်မှာတင်ပြီး လက်မောင်းတွေကို လိပ်ပြာအတောင်ပံခတ်သလို ရှေ့တိုးနောက်ဆုတ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လက်အရှေ့တိုးနောက်ဆုတ် ၁၅ ကြိမ်စီနဲ့ သုံးကြော့ပြုလုပ်ပေးရပါမယ်။
၂။ Arm Overhead Criss Cross
ပုံပါအတိုင်း သင့်ခေါင်းနောက်မှာ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံတင်ထားပြီး ဒီပုံစံအတိုင်း ၃၀ စက္ကန့်လောက်တောင့်ခံထားရမှာဖြစ်ပါတယ်။ ဒါကိုတော့ တစ်ကြိမ်မှာ ၃၀ စက္ကန့်စီ သုံးခေါက်ခန့်ပြုလုပ်ပေးပါ။
၃။ Cow Face Pose

Yoga Pose တစ်ခုဖြစ်ပြီး ခါးနဲ့ကျောရိုးကိုမတ်ထားကာ ကျောနောက်ဖက်မှာ လက်နှစ်ဖက်ကို အပေါ်အောက်ထားတာ လှမ်းချိတ်ပေးရမှာဖြစ်ပါတယ်။ ဒါကိုတော့ လက်ဟိုဘက်ဒီဘက် ပြောင်းပြီး စက္ကန့် သုံးဆယ်စီနဲ့ သုံးကြော့လောက်ထိန်းပြီးပြုလုပ်ပေးပါ။
၄။ Crossed Arm Lifts

ပုံပါအတိုင်း လက်နှစ်ဖက်ကိုထပ်ပြီးနောက်ပစ်ကာ အပေါ်တင်လိုက် အောက်ချလိုက်ပြုလုပ်ပေးရမှာပါ။ ခန္ဓာကိုယ်ကိုလည်းမတ်မတ်ထားပြီး လက်အတင်အချကို တစ်ကြော့မှာ ၁၅ ကြိမ်နဲ့ သုံးကြော့ခန့်ပြုလုပ်ပေးဖို့လိုပါတယ်။
၅။ Reverse Prayer Pose

ဒီ Pose အတွက် ခန္ဓာကိုယ်ပျော့ပြောင်းဖို့လိုပြီး လုပ်ရမယ့်ပုံစံက သင့်နောက်ကျောမှာ လက်အုပ်ချီသလို လက်နှစ်ဖက်ပူးပြီး ကပ်ထားရမှာပဲဖြစ်ပါတယ်။ ဒီပုံစံအတိုင်း ၃၀ စက္ကန့်လောက် တောင့်ခံထားပြီး သုံးကြော့လောက်ပြုလုပ်ပေးပါ။ ကျင့်သားမရသေးတဲ့သူတွေအနေနဲ့ စက္ကန့် ၂၀ လေးကြော့လုပ်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
၆။ Neck Stretch And Collarbone Massage
လည်ပင်းနဲ့ပခုံးအဆက်က Collarbone အရိုးတွေကို အကြောလျော့နှိပ်နယ်ပေးရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ပုံပါအတိုင်း တစ်ဖက်ကိုနှိပ်နေတုန်းမှာ သင့်ခေါင်းကို တစ်ဖက်စောင်းထားပြီး လည်ပင်းကြောကို တင်းထားပေးရပါမယ်။ ဒီပုံစံအတိုင်း ပုခုံးတစ်ဖက်ချင်း ၁၅ ကြိမ်စီပြုလုပ်ပေးလိုက်ပါ။
၇။ Neck And Shoulder Stretch
လည်ပင်းအကြောလျော့လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး သင့်ခေါင်းပေါ်ကို လက်တင်ပြီး ခေါင်းစောင်းကာ တစ်ဖက်လက်က ပုခုံးကိုကိုင်ထားရပါမယ်။ ဒီပုံစံအတိုင်း လည်ပင်းကြောကိုဆွဲဆန့်ပေးထားပြီး ၃၀ စက္ကန့်လောက်နေပေးပါ။ ဒါကိုလည်း ဘယ်၊ ညာ တစ်ဖက်ချင်းအတွက် ၃၀ စက္ကန့်စီပြုလုပ်ပေးရပါမယ်။
Photo Source: seaofblush.com, Pinterest
By MyStyle Myanmar




