ချစ်တယ်ဆိုရုံနဲ့ ရေရှည်တည်မြဲတဲ့ Relationship တစ်ခုပိုင်ဆိုင်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုရင် မတူညီတဲ့မိသားစုနှစ်ခုက ဆင်းသက်လာတဲ့ မတူညီတဲ့လူနှစ်ယောက်ပေါင်းဖက်ရာမှာ မတူညီမှုတွေအများကြီးရှိနိုင်ပါတယ်။

အရေးကြီးဆုံးက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုရှိဖို့ တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိဖို့ပါပဲ။ ကိုယ်ချစ်တဲ့သူနဲ့နှစ်တွေအကြာကြီးဖြတ်သန်းချင်တယ်ဆိုရင် Relationship တစ်ခုရေရှည်တည်တံ့ဖို့ အဓိကကျတဲ့အချက်တွေကိုလည်းသိထားဖို့လိုပါမယ်။

(၁) စိတ်ကောက်နေရင် ပစ်မထားပါနဲ့

တစ်ခါမှရန်ဖြစ် စကားများခြင်းမရှိတဲ့စုံတွဲဆိုတာ ကမ္ဘာပေါ်မပြောနဲ့ အာကာသထဲ သွားရှာရင်တောင် တွေ့နိုင်မယ်မထင်ပါဘူး။ တစ်ခါတစ်လေ စိတ်အခန့်မသင့်တဲ့အချိန်တွေမှာ ကတောက်ကဆဖြစ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့်ရန်ဖြစ်စကားများတဲ့အချိန်ကို တက်နိုင်သလောက်တော့ ဆွဲမဆန့်မိဖို့ သတိပြုပါ။ ကြီးတဲ့ပြသနာကို သေးအောင်ညှိယူပါ။ ၁၅မိနစ်လောက်တဲ့ပြီးမယ့် ရန်ပွဲကိုတစ်နာရီလောက်အထိ အချိန်မဖြုန်းမိပါစေနဲ့။

(၂) ယုံကြည်မှုတည်ဆောက်ပါ

တစ်ယောက်ကိုတစ်ယောက် ယုံကြည်နေမှလည်း ရေရှည်လက်တွဲဖို့ဆိုတာ ဖြစ်နိုင်မှာပါ။ အသေးဖွဲ့ကိစ္စလေးတွေကအစ ပွင့်ပွင့်လင်းလင်းပြောပြပါ။ ယုံကြည်မှုကို ဖြေးဖြေးချင်း တည်ဆောက်ပါ။ ငါ့ကိုယုံပါလို့ ထိုင်အော်နေတာထက် သူယုံကြည်ရလောက်တဲ့ အဓိကအချက်လေးတွေကိုလုပ်ပြပါ။

(၃) ကိုယ့်ချစ်သူအပေါ် အနွေးထွေးဆုံးဆက်ဆံပေးပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အားဆေးတစ်ခွက်အဖြစ် ရှိနေပေးပါ။ ပျော်ရွှင်နေတဲ့အချိန်မှာလည်း ကိုယ့်ရဲ့အပျော်တွေ ထပ်တူထပ်မျှကူးစက်ပျော်ရွှင်စေပါ။ အေးအတူပူ အမျှဆိုတဲ့စကားက ဆိုရိုးစကားတစ်ခုထက် ပိုပါတယ်။ တကယ့်လက်တွေ့လုပ်ဆောင်ရင် တကယ်ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာတွေကိုရနိုင်မှာဖြစ်ပါတယ်။

(၄) လက်မပါပါနဲ့

ဒေါသဆိုတာ လူတိုင်းထွက်တက်ပေမယ့် ဒေါသထွက်တိုင်းလည်း မကောင်းပါဘူး။ ဒေါသထွက်ခြင်းရဲ့ ရလဒ်က ဆိုးကျိုးတွေဘက်ကိုပဲ အများဆုံးသွားပါတယ်။ ဘယ်လောက်ရင်းနှီးတဲ့ Relationship တစ်ခုဖြစ်နေပါစေ ဒေါသထွက်တဲ့အချိန်လက်ပါလိုက်မယ်ဆိုရင် အချစ်ဆုံးတွေကနေ အမုန်းဆုံးတွေဖြစ်သွားပါလိမ့်မယ်။နောက်ပိုင်း လက်ထပ်ဖို့စဉ်းစားကြတဲ့အခါလည်း စိတ်ပူပန်စရာတွေဖြစ်လာနိုင်ပြီး ဆုံးဖြတ်ချက်တွေ ကိုဝေဝါးကာ ဝေးသွားစေနိုင်ပါတယ်။

(၅) စိတ်ထဲနာသွားစေမယ့် စကားမျိုးတွေပြောတာ ရှောင်ကျဉ်ပါ

ချစ်တယ်ဆိုတာ တကယ်တော့ လူ၂ ယောက်ကြားက ကြားခံနယ်အလွှာပါးပါးလေး တစ်ခုပါ။ အဲ့ဒီကြားခံနယ်လေးနောက်ကွယ်မှာ သည်းခံမှု၊ နားလည်မှု မေတ္တာတရား စတာတွေရှိပါတယ်။ သူတို့တွေကပိုပြီး ပါဝါကြီးပါတယ်။ ချစ်တယ်ဆိုတဲ့ အလွှာလေး ဟာအချိန်မရွေးပေါက်ပြဲသွားနိုင်ပါတယ်။ အဲ့ဒီအလွှာပါးလေးနောက်ကွယ်က ပါဝါကြီးတဲ့အရာတွေကို သေချာတည်ဆောက်မှသာ ရေရှည်တန့်တည့်တဲ့ အချစ်မျိုးရရှိမှာဖြစ်ပါတယ်။ လူတိုင်းမှာသည်းခံနိုင်တဲ့ အတိုင်းတာ တစ်ခုတော့ရှိကြတာမလို့ စိတ်ဆိုးနေတုန်းပြောလိုက်မိတဲ့ နာကျင်စရာစကားတွေဟာ သည်းခံနိုင်မှုအတိုင်း အတာကိုကျော်လွန်သွားရင်ရေရှည်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။