စကားပြောစွမ်းရည်ဆိုတာ လူတစ်ယောက်ရဲ့အရည်အချင်းပါပဲ့။ အပြောမတတ်တော့ ဆဲတယ်ဆိုတဲ့ စကားပုံရှိသလိုပဲ တချို့သူတွေ စကားပြောမတတ်တဲ့အခါကျတော့ နားထောင်ရတဲ့ တဖက်သူကို စိတ်ကသိကအောင့်ဖြစ်စေပါတယ်။

ကိုယ်နဲ့မသိတဲ့ တခြားသူတွေကိုတောင် အဆင်ပြေပြေနဲ့ စကားပြောဆိုနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ စကားဝိုင်းတစ်ခုဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အတွေးမလွန်ပါနဲ့

တချို့သူတွေက ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်း မိသားစုဝင် မိတ်ဆွေတွေနဲ့ စကားပြောရတာအဆင်ပြေပေမယ့် ကိုယ်နဲ့ မသိတဲ့သူတွေနဲ့တွေ့ရင် လုံးဝငြိမ်သွားတတ်ပါတယ်။ စကားပြောဖို့ အရမ်းတွေးနေတာမျိုး အရမ်းခက်ခဲနေတာမျိုးမလုပ်ဘဲ စိတ်သက်သောင့်သက်သာပြောပါ။ စကားပြောဆိုမှုမှာ စီးမျောလိုက်ပါ။

၂။ ဖြတ်မပြောပါနဲ့

တခြားသူ စကားပြောတာ မဆုံးခင် ကိုယ်က ဖြတ်ဖြတ်မပြောပါနဲ့။ စကားကို ဖြတ်ဖြတ်ပြောတာဟာ လူတစ်ယောက်ကို မလေးစားရာလည်းကျသလို သင့်အပေါ် လေးစားမှုလည်း ကျသွားမှာပါ။

၃။ သူ့ရဲ့အဖြေကနေ မေးခွန်းထုတ်ပါ

တခြားသူနဲ့ ပိုပြီးစကားပြောတာအဆင်ပြေစေဖို့ သူပြောတဲ့စကား၊ သူပြောတဲ့အဖြေတွေထဲက မေးခွန်းထုတ်ပါ။ တကယ်လို့ သူက မနေ့က ရုပ်ရှင်သွားကြည့်ခဲ့တယ်လို့ပြောရင် ရုပ်ရှင်ခဏခဏကြည့်တတ်လား။ ဘယ်လိုရုပ်ရှင်ကားမျိုးကိုကြိုက်သလဲ စသဖြင့် မေးလို့ရပါတယ်။

၄။ စကားဝိုင်တစ်ခုကို ပြိုင်ပွဲလို မလုပ်ပါနဲ့

ကိုယ်နဲ့ စကားပြောနေတဲ့သူ အများကြီးရှိတဲ့ထဲမှာ လူတစ်ယောက်က ဟာသပြောလိုက်တယ်ဆို ငါကသူ့ထက်ပို ရယ်စရာကောင်းအောင်ပြောမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ စကားပြောဆိုမှုကို ပြိုင်ပွဲတစ်ခုလို ပြိုင်မပြောသင့်ပါဘူး။

၅။ သူဘာပြောနေသလဲဆိုတာကို အာရုံစိုက်ပါ

သူဘာပြောနေသလဲဆိုတာနဲ့ ပတ်သက်လို့ သူပြောတာကို အာရုံစိုက်ပါ။ သူနဲ့ မျက်လုံးချင်းစုံပြီး ကြည့်ပါ။ ဖုန်းကိုကြည့်တာ ဘေးဘီဝဲယာကြည့်တာမျိုး မလုပ်သင့်ပါဘူး။

၆။ ခံစားချက်ရှိပါစေ

သူကပျော်စရာကောင်းတဲ့အကြောင်းပြောနေရင် သင်လည်း ထပ်တူခံစားပြီး ပျော်ပေးနိုင်သလို၊ သူဝမ်းနည်းစရာကောင်းတဲ့အကြောင်းပြောနေရင်လည်း သင့်မျက်နှာမှာ ဝမ်းနည်းတဲ့အရိပ်တွေရှိတာကို သူမြင်ပါစေ။ သူနဲ့ ထပ်တူခံစားပေးပါ။ သူကရယ်စရာပြောနေတာကို မရယ်ဘဲ ကြောင်တောင်တောင်ဖြစ်နေရင် စကားဝိုင်းက အသက်ဝင်လာမှာမဟုတ်ပါဘူး။

၇။ ပြောပြီးသားအကြောင်းအရာတစ်ခုကို ထပ်ခါထပ်ခါမပြောပါနဲ့

သင့်ကိုယ်သင် ပြောပြီးသားအကြောင်းအရာကို ထပ်ခါထပ်ခါမပြောမိစေဖို့ သတိထားပါ။ ကောင်းတာပေါ့။ ငါသိတယ်လေ။ မိုက်လိုက်တာ ဆိုတဲ့စကားတွေကို ထပ်ခါထပ်ခါမပြောပါနဲ့။