မင်္ဂလာပါနော်။ စာဖတ်သူတို့ထဲမှာ အချိန်သတ်မှတ်ပြီး အစားရှောင်ရတဲ့ Fasting နည်းသုံးပြီး ဝိတ်ချနေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးကသင့်အတွက်ပါပဲ။ အစားရှောင်ချိန်များလေ ခန္ဓာကိုယ်မှာ အစားအသောက်ကရတဲ့ Energy ပမာဏနည်းလေဖြစ်တာမို့ Fasting လုပ်တဲ့နေ့တွေမှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေက ဘယ်လိုမှမသင့်တော်ပါဘူး။ သင်က Fasting လုပ်ရင်း လေ့ကျင့်ခန်းပါ တွဲလုပ်ဖို့စဉ်းစားနေတယ်ဆိုရင် ခန္ဓာကိုယ်အားလျော့ပြီး မထိခိုက်ရအောင် သတိထားပေးရမယ့်အချက်တွေ ရှိပါတယ်။ ဒါတွေကိုသိထားတာက နှစ်မျိုးလုံးဟန်ချက်ညီညီလုပ်နိုင်ဖို့ ကူညီပေးမှာပါ။ ဒီတော့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

သတ်မှတ်ထားတဲ့ အစားစားချိန်မရောက်ခင်


မနက်ပိုင်းဘာမှမစားခင် လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်မှာ သိုလှောင်ထားတဲ့အဆီတွေကို အားအဖြစ်သုံးရတာမို့ ဝိတ်ကျတဲ့အပြင် ကိုယ်တွင်းအဆီကိုပါ လောင်ကျွမ်းပြီးသားဖြစ်စေပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်းမတူတာမို့ သင့်ခန္ဓာကိုယ်လုပ်နိုင်စွမ်းပေါ်မူတည်ပြီးမှ မစားခင် လေ့ကျင့်ခန်းလုပ်ဖို့ ဆုံးဖြတ်ပါ။ တစ်ခါတစ်လေ အိပ်ရေးမဝတာ၊ ဗိုက်ဆာတာတွေကြောင့် အားကုန်နေတယ်ဆိုရင်တော့ ခဏတဖြုတ်လမ်းလျှောက်တာလောက်ပဲ လုပ်သင့်ပါတယ်။

အစားစားချိန်အတွင်း


စားပြီး အားရှိသွားတဲ့အချိန်က လေ့ကျင့်ခန်းလုပ်လို့ ပိုကောင်းပါတယ်။ အားဖြစ်စေမယ့် ပရိုတင်းနဲ့ Carbohydrates တွေ သင့်တင့်အောင်စားပေးပါ။ တစ်ခုခုစားပြီး နှစ်နာရီ သုံးနာရီလောက်ကြာတဲ့အခါ လေ့ကျင့်ခန်းစလုပ်နိုင်ပါတယ်။ ကြွက်သားတွေ အားရှိစေတာကြောင့် ခံနိုင်ရည်ပိုရှိတဲ့အပြင် လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်နာတာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

စားမယ့်ကယ်လိုရီနဲ့ လေ့ကျင့်ခန်းမျှနေဖို့လိုတယ်


တစ်နေ့တာ အစားရှောင်ချိန်များတဲ့သူတွေ၊ ကယ်လိုရီပမာဏ အရမ်းလျှော့စားတဲ့သူတွေက လေ့ကျင့်ခန်းကိုလည်း လျှော့လုပ်ပေးရပါမယ်။ ခုန်ပေါက်ပြီး အားအရမ်းသုံးရတဲ့လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ကိုထိခိုက်စေမှာဖြစ်လို့ Yoga ကျင့်တာ၊ စက်ဘီးစီးတာမျိုးလောက်ပဲ ပေ့ါပေါ့ပါးပါးလုပ်ပေးပါ။

ရေသောက်ဖို့မမေ့ပါနဲ့


လေ့ကျင့်ခန်းလုပ်ချိန်မှာ ချွေးနဲ့အတူ ရေဓာတ်ဆုံးရှုံးစေတာမို့ ဘယ်အချိန်မဆို ရေများများသောက်ပေးဖို့ အရေးကြီးပါတယ်။ ဆုံးရှုံးသွားတဲ့ရေဓာတ်ပြန်ဖြည့်ဖို့ လေ့ကျင့်ခန်းမလုပ်ခင်ရော၊ လုပ်ပြီးအချိန်မှာပါ ရေများများသောက်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar