ခေါင်းတစ်ခါလျှော်ပြီးတိုင်း ခဏလေးနဲ့ စေးကပ်ပြီး အနံ့ပြန်ထွက်တာ၊ ဆံပင်တွေထုံးတာ၊ ဗောက်ထတာတွေနဲ့ ကြုံနေရလို့ စိတ်ရှုပ်နေရတဲ့သူတွေရှိလား။ ဒီလိုပြဿနာဖြစ်နေပြီဆိုရင်တော့ သင်ရဲ့ခေါင်းလျှော်တဲ့နည်းကို ပြောင်းလဲပေးဖို့ လိုလာပါပြီ။ ဆံကေသာသန်စွမ်းဖို့အတွက် ဆံသားထိန်းသိမ်းမှုတွေအပြင် ဦးရေပြားနဲ့ ဆံပင်ကို လုံးဝသန့်ရှင်းနေအောင် ခေါင်းလျှော်တတ်ဖို့လည်း အရေးကြီးပါတယ်။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဆံသားသန့်စင်ပျော့ပြောင်းဖို့ ခေါင်းလျှော်တဲ့အချိန် ပုံမှန်လုပ်ပေးသင့်တဲ့ အဆင့်တွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ဆီလိမ်းပေးပါ

ပထမဆုံး ခေါင်းမလျှော်ခင် နှစ်နာရီလောက်ကြိုပြီး ဆံသားနဲ့ဦးရေပြားအနှံ့ကို အုန်းဆီ၊ သံလွင်ဆီစတဲ့ ဆီတစ်မျိုး လိမ်းပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာက ခေါင်းလျှော်ရည်တွေမှာပါတဲ့ ချေးချွတ်အာနိသင်ကြောင့် ဆံသားသဘာဝအဆီဆုံးရှုံးတတ်တဲ့ပြဿနာကို ကာကွယ်ပေးရာရောက်ပါတယ်။

၂။ ဆံပင်အထုံးတွေရှင်းပေးပါ

ဆံပင်ရေနဲ့မထိခင်မှာ ဆံသားထုံးပြီး ညှိနေတာတွေမရှိအာင် အရင်ဆုံး တစ်ခေါင်းလုံးသေချာဖြီးပြီး ရှင်းလင်းပေးတဲ့အကျင့်လုပ်ပေးပါ။ ရေနဲ့ထိထားပြီးမှ ခေါင်းဖြီးတာက ဆံနွယ်တွေအားပျော့ပြီး ဆံပင်ကျွတ်လွယ်တတ်ပါတယ်။ ဒီလိုခေါင်းမလျှော်ခင် ခေါင်းဖြီးပေးတာက ဦးရေပြားသွေးလည်ပတ်မှုကောင်းစေတာမို့ ချွေးပေါက်တွေပွင့်ကာ ဆံပင်အဖျားနှစ်ခွဖြစ်တာကိုပါ သက်သာစေမှာပါ။

၃။ ရေနွေးနွေးကို အရင်သုံးပေးပါ

ဆံပင်ဖြီးပြီး ခေါင်းစလျှော်တဲ့အခါ အရမ်းမပူတဲ့ ရေနွေးနွေးနဲ့ အရင်လောင်းချပေးရပါမယ်။ ဒါကလည်း သင့်ဦးရေပြားပေါ်က ချွေးပေါက်တွေပွင့်စေဖို့ ကူညီပေးမှာပါ။ ပြီးနောက်မှာတော့ ပုံမှန်အတိုင်း ရေအေးအသုံးပြုပေးနိုင်ပါတယ်။

၄။ ခေါင်းလျှော်ရည်ကို ရေနဲ့ရောပါ

ခေါင်းလျှော်ရည်တွေမှာ အနည်းနဲ့အများ ချေးချွတ်ဓာတုပစ္စည်းတွေပါဝင်နေတတ်တာမို့ Chemical တွေ အားပျော့သွားအောင် ရေနဲ့နည်းနည်း ရောပွတ်ပြီးမှ ဆံပင်မှာလိမ်းပြီး သုံးပေးပါ။

၅။ ပေါင်းဆေးသုံးပါ

Shampoo နဲ့ခေါင်းလျှော်ပြီးတဲ့အခါ Conditioner သုံးပေးဖို့လည်း မမေ့ပါနဲ့။ Conditioner ကိုဦးရေပြားနဲ့တိုက်ရိုက်လိမ်းပြီး သုံးဖို့မလိုပါဘူး။ ဆံပင်နှစ်ခွဖြစ်ပြီး ရှုပ်ထွေးလွယ်တဲ့ အဖျားပိုင်းတွေအတွက် သုံးပေးပြီး ၂ မိနစ်လောက်ထားရပါမယ်။ ပြီးရင်တော့ Conditioner တွေမကျန်ရအောင် ရေနဲ့သေချာဆေးချပေးပါ။

၆။ ဦးရေပြားကို ဖြေးဖြေးချင်းနှိပ်နယ်ပေးပါ

ဦးရေပြားတစ်ဝိုက်ကို စက်ဝိုင်းပုံစံပတ်ပြီး မိနစ်အနည်းငယ်လောက် ဖြေးဖြေးချင်းနှိပ်နယ်ပေးပါ။ ဒါက သင့်ဆံသားနဲ့ ဦးရေပြားပေါ်က အဆီနဲ့အညစ်အကြေးကြွင်းကျန်တွေအားလုံး သန့်စင်ပေးပြီး Exfoliate လုပ်သလိုဖြစ်စေမှာပါ။

၇။ နောက်ဆုံးအဆင့် ရေအေးနဲ့ဆေးချပါ

နောက်ဆုံးအဆင့်အနေနဲ့ ဆံသားကိုရေအေးအေးလေးနဲ့ ဆေးချပေးလိုက်ပါ။ နောက်ဆုံးမှာ ရိုးရိုးရေ ဒါမှမဟုတ် ရေအေးအေးလောင်းချပြီး သန့်စင်ပေးလိုက်တာက ဦးရေပြားအတွင်း အစိုဓာတ်ကောင်းကောင်းစိမ့်ဝင်စေဖို့ ကူညီပေးရာရောက်ပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar