ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် ဝမ်းနည်းပူဆွေးနေရတဲ့ စိတ်ခံစားချက်တွေကို ရပ်တန့်ပြီး အသစ်ကနေ ပြန်လည်ပျော်ရွှင်လာစေဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

အလုပ်များနေပါစေ

အားတဲ့အချိန်မရှိအောင် အလုပ်များနေအောင်သာလုပ်ပါ။ ဝမ်းနည်းပူဆွေးနေဖို့ အချိန်တောင်ရှိမှာမဟုတ်ပါဘူး။ ဒီနည်းလမ်းက သင့်ကို ပျော်ရွှင်မှုမပေးနိုင်ရင်တောင်မှ ဝမ်းနည်းနေတဲ့ စိတ်ခံစားချက်တွေကိုတော့ ပျောက်သွားစေပါတယ်။

အရင်ထက်ပိုပြီးပြုံးရယ်နေပါ

စိတ်ညစ်စရာအကြောင်းအရာတွေ၊ ဝမ်းနည်းစရာအကြောင်းအရာတွေကို မစဉ်းစားတော့ပဲ ကိုယ့်အတွက် စိတ်ပျော်ရွှင်မှုပေးနိုင်မယ့် အရာတွေကိုသာ စဉ်းစားပြီး အရင်ထက်ပိုပျော်အောင်နေပါ။ အမြဲတမ်းပြုံးရယ်နေပါ။ မှိုင်တွေမနေပါနဲ့။

ရယ်စရာရုပ်ရှင်တွေကြည့်ပါ

ရယ်စရာရုပ်ရှင်တွေကို များများကြည့်ပေးခြင်းက ဝမ်းနည်းနေတဲ့ စိတ်ခံစားချက်တွေကို ရပ်တန့်သွားစေပြီး သင့်ကို ရယ်မောပျော်ရွှင်စေပါတယ်။ စိတ်လွတ်လပ်ပေါ့ပါးသွားစေပါတယ်။

ကိုယ့်ကိုယ်ကိုလက်ဆောင်ပေးပါ

ဝမ်းနည်းနေတဲ့ စိတ်ခံစားချက်တွေ ရပ်တန့်သွားပြီး စိတ်ပျော်ရွှင်ကျေနပ်မှုရအောင် အရမ်းလိုချင်နေတဲ့ အရာတစ်ခုခုကိုဝယ်ပြီး ကိုယ့်ကိုယ်ကို လက်ဆောင်ပြန်ပေးလိုက်ပါ။ အရမ်းလိုချင်နေတဲ့အရာကို ရသွားရင် လူတိုင်းက စိတ်ပျော်ရွှင်မှုရပါတယ်။

ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ဖို့ကြိုးစားပါ

စိတ်အလိုလိုက်ပြီး တွေးတောနေတာမျိုး၊ စိတ်ရှိတိုင်း ထင်ရာစိုင်းပြီး ညစ်နေတာမျိုး မလုပ်ပါနဲ့။ အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။ စိတ်တည်ငြိမ်စေမယ့်အရာတွေ လုပ်ပါ။ စိတ်ပျော်စေမယ့်အရာတွေကို ဦးစားပေးပါ။ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ ခေါင်းထဲရောက်လာရင် တခြားအရာကို အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။ ကိုယ့်စိတ်ကို သေချာထိန်းချုပ်နိုင်ရင် စိတ်ချမ်းသာရမှာပါ။