နည်းလမ်းပေါင်းစုံနဲ့ ခိုးလိုက်၊ ခါးပိုက်နှိုက်လိုက်နဲ့ အရမ်းဖြစ်နေတာကြောင့် အပြင်သွားတဲ့အခါမှာ ကိုယ့်ဘက်က အစစအရာရာ သေချာဂရုစိုက်ဖို့ လိုပါတယ်။ ဒါကြောင့် ခါးပိုက်နှိုက်မခံရအောင် အတတ်နိုင်ဆုံး ကြိုတင်ကာကွယ်သင့်တဲ့ အရာတွေနဲ့ ဆင်ခြင်သင့်တဲ့အရာတွေကို ပြောပြပေးလိုက်ပါတယ်။ လူတိုင်းအတွက် အသုံးဝင်စေမယ့် အရာတွေ ဖြစ်မှာပါ။

မလိုအပ်ပဲပိုက်ဆံအများကြီးမထည့်သွားပါနဲ့

ခါးပိုက်နှိုက်တွေ အရမ်းပေါနေတဲ့ခေတ်မှာ မလိုအပ်ပဲ ပိုက်ဆံအများကြီးထည့်ပြီး လျှောက်မသွားပါနဲ့။ အလုပ်သွားမယ်ဆိုရင် ကိုယ်တစ်နေ့တာ လိုအပ်သလောက်၊ ကိုယ်သုံးသလောက်ပဲ ထည့်သွားပါ။ ဒါမှ ပါသွားတယ်ဆိုရင်တောင် အများကြီးမဟုတ်တော့ တော်ပါသေးတယ်လို့ ပြောလို့ရမှာပါ။

လူရှုပ်တဲ့နေရာမှာအိတ်ကို အနောက်မှာမထားပါနဲ့

အမျိုးသမီးတွေအနေနဲ့ လူရှုပ်တဲ့နေရာတွေ၊ bus ကားပေါ်တွေမှာ လွယ်ပြီး အနောက်ထားတာမျိုး၊ ပခုံးမှာလွယ်ပြီး အိတ်ကဘေးရောက်နေတာမျိုးတွေ မဖြစ်ပါစေနဲ့။ အိတ်ကို နှိုက်သွားလို့ရသလို၊ ခွဲသွားလို့လည်း ရပါတယ်။ ဒါကြောင့် လူရှုပ်တဲ့နေရာရောက်ရင် အိတ်ကို စလွယ်သိုင်းပြီး ကိုယ့်အရှေ့မှာ ပိုက်ထားပါ။

ပိုက်ဆံအိတ်အပိုဆောင်ထားပါ

ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ပိုက်ဆံအိတ် wallet လေးတွေကို အမြဲတမ်း ၂ လုံးဆောင်ထားလိုက်ပါ။ တစ်လုံးမှာ ပိုက်ဆံထည့်၊ နောက်တစ်လုံးမှာက အကြွေ (သို့) စက္ကူ၊ ထီလက်မှတ် စတာတွေကို ထည့်ထားလိုက်ပါ။ အဲ့ဒီအိတ်ကို မြင်သာတဲ့နေရာမှာ ထည့်ထားမယ်ဆိုရင် ခါးပိုက်နှိုက်က ပိုက်ဆံထည့်ထားတယ်ထင်ပြီး အဲ့အိတ်ကိုပဲ နှိုက်သွားမှာပါ။ ယောင်္ကျားလေးတွေဆိုရင် အဲ့ဒီအိတ်ကို ဘောင်းဘီအနောက်အိတ်ကပ်ထဲ ထည့်ထားလိုက်ပါ။

ပိုက်ဆံအိတ်ထဲပိုက်ဆံအကုန်မထည့်ပါနဲ့

ပိုက်ဆံအိတ်ထဲကို ကိုယ်ယူသွားမယ့်ပိုက်ဆံ၊ ကိုယ့်မှာပါတဲ့ပိုက်ဆံ အကုန်မထည့်ထားပါနဲ့။ ပီကေဘူး၊ သကြားလုံးဘူး၊ ထမင်းဘူးတွေထဲမှာ တစ်သောင်းတန်၊ ငါးထောင်တန်တွေကို ထည့်ထားပါ။ ခါးပိုက်နှိုက်တွေက ပိုက်ဆံအိတ်ကိုပဲနှိုက်တာကြောင့် ဒီနည်းလမ်းက အဆင်ပြေပါတယ်။ လစာထုတ်လာတဲ့ နေ့တွေမှာဆိုရင် ထမင်းဘူးထဲထည့်ပါ။

ဈေးဝယ်တဲ့အခါမှာ

Citymart မှာပဲဖြစ်ဖြစ်၊ လူရှုပ်တဲ့ဆိုင်တွေမှာပဲဖြစ်ဖြစ် ဈေးဝယ်တော့မယ်ဆိုရင် ဈေးခြင်းတောင်းထဲ ပိုက်ဆံအိတ်ထည့်ထားတာမျိုး လုံးဝမလုပ်ပါနဲ့။ ပိုက်ဆံအိတ်ကိုလွယ်ထားပြီး ဂရုစိုက်ပါ။ ဝယ်မယ့်ပစ္စည်းကို ကြည့်နေချိန်မှာ အိတ်ကိုနှိုက်သွားတာ၊ ခွဲသွားတာမျိုးတွေ ဖြစ်တတ်လို့ သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။ ဖုန်းကိုလည်း လက်ကနေ သေချာကိုင်ထားပါ။ အိတ်ထဲ မထည့်ထားပါနဲ့။