မင်္ဂလာပါနော်။ ဆောင်းတွင်းဝင်လာပြီမို့ Gym ဆော့ဖို့ ဒါမှမဟုတ် အိမ်မှာလေ့ကျင့်ခန်းပြန်လုပ်ဖို့ စဉ်းစားနေတဲ့သူတွေ ရှိကြလား။ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်များတဲ့အခါ အသားနီပြီး ချွေးပေါက်ထဲ အဆီနဲ့ဖုန်တွေဝင်ဖို့လည်း လွယ်တာမို့ မှန်မှန်ကန်ကန် Skincare ပြန်လုပ်ပေးဖို့ လိုပါတယ်နော်။ ဒီတစ်ခေါက်မှာ လှုပ်လှုပ်ရှားရှားနေပြီးနောက် မျက်နှာအသားအရေပြန်ထိန်းသိမ်းတဲ့အနေနဲ့ လုပ်ပေးသင့်တဲ့အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ရေများများသောက်ဖို့ အရေးကြီးတယ်


ဆောင်းရာသီက အသားခြောက်ဖို့လွယ်သလို လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်များတဲ့အခါမှာလည်း ကိုယ်တွင်းရေဓာတ်နည်းသွားတတ်တာမို့ ရေခဏခဏသောက်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ ရေလုံလုံလောက်လောက်သောက်ပေးတာက ထွေထွေထူးထူး Skincare ဖို့မလိုဘဲ အသားအရေစိုပြေစေမှာပါ။

၂။ Cleansing သေချာလုပ်ပေးပါ


ချွေးထွက်ထားတဲ့ မျက်နှာကို အရေပြားအတွင်းပိုင်းအထိ သန့်စင်သွားအောင် Cleansing သချာလုပ်ပေးဖို့လည်း မမေ့ပါနဲ့။ ညဘက်တွေမှာလည်း မအိပ်ခင် မျက်နှာပုံမှန်သစ်တာမျိုး လုပ်ပေးပါ။

၃။ အရည်အသွေးကောင်းတဲ့ Sunscreen တစ်မျိုး ပုံမှန်လိမ်းပါ


သင်လုပ်နေကျ လေ့ကျင့်ခန်းတွေက အပြင်ထွက်ပြီး ပြေးတာ၊ လမ်းလျှောက်တာတို့ဆိုရင် Sunscreen က မရှိမဖြစ်ပါပဲနော်။ နေမပူတဲ့အချိန်မှာလည်း အသားအရေထိခိုက်စေတဲ့ UV Rays တွေ ရှိနေဆဲဖြစ်တာမို့ Sunscreen အမြဲဆောင်ထားပြီး ပုံမှန်လိမ်းတာမျိုးလုပ်ပေးပါ။

၄။ Moisturizer လိမ်းပေးပါ


Sunscreen လိုပဲ Moisturizer ကိုလည်း တွဲပြီးပုံမှန်လိမ်းဖို့ လိုပါတယ်နော်။ ချွေးထွက်များတာက ခန္ဓာကိုယ်အတွင်းရော အပြင်ပါ အစိုဓာတ်ခန်းခြောက်သွားတတ်တာမို့ အသားအရေအတွက် Moisturizer သုံးပေးမှအဆင်ပြေမှာပါ။

၅။ Omega 3 မှီဝဲပါ


လေ့ကျင့်ခန်းလုပ်နေတဲ့သူတွေက Omega 3 ပါတဲ့အစားအစာ (သို့) ဆေးဝါးတွေ မှီဝဲပေးသင့်ပါတယ်နော်။ Omega 3 က အဆီထုတ်ပေးတာကြောင့် အသားခြောက်တာသက်သာစေတဲ့အပြင် ချွေးထွက်များလို့ Breakout ဖြစ်တာကိုပါ လျှော့ချပေးနိုင်ပါတယ်။

၆။ မျက်နှာသုတ်ပုဝါ သီးသန့်တစ်ထည်ဆောင်ထားပါ


ချွေးထွက်ထားတဲ့မျက်နှာကို မသန့်တဲ့လက်နဲ့ထိတာ၊ ချွေးသုတ်ပြီးသား ပုဝါတွေနဲ့ ထပ်သုတ်တာက အရေပြားထဲ ပိုးဝင်ဖို့လွယ်ပါတယ်။ မျက်နှာအတွက် သီးသန့်ပုဝါအသန့်တစ်ထည်ဆောင်ထားပေးပါ။ မျက်နှာချွေးသုတ်တဲ့ပုဝါနဲ့ မျက်နှာသစ်ပြီးသုံးတဲ့ပုဝါကိုလည်း သပ်သပ်စီထားတာ ပိုကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar