မင်္ဂလာပါနော်။ စာဖတ်သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အရွယ်တစ်ခုရောက်တဲ့အထိ အခင်အမင်မပြတ်ကြတဲ့ မိတ်ဆွေတွေကို မြင်ဖူးကြလား။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အချိန်အတော်ကြာ အဆက်အသွယ်မပြတ်ဘဲ နေနိုင်ဖို့က ထင်သလောက်မလွယ်တာမို့ ဒီလိုခင်မင်မှုကို ထိန်းထားနိုင်တဲ့သူတွေက လေးစားအတုယူစရာပါပဲ။ သင်ကိုယ်တိုင်လည်း အသက်ကြီးလာတဲ့အထိ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ အတူရှိချင်တယ်ဆိုရင် အခုပြောပြမယ့်အချက်တွေကို လိုက်နာသင့်ပါတယ်။ ဒီတစ်ခေါက်မှာ သူငယ်ချင်းတွေနဲ့ ရေရှည်သံယောဇဉ်ခိုင်မြဲဖို့ လုပ်ပေးသင့်တဲ့ အရာတွေကို ဖော်ပြပေးသွားမှာပါ။ ဒါတွေကို သိထားတာက သင့်ကို အပေါင်းအသင်းများပြီး မိတ်ဆွေကောင်းပီသလာဖို့ပါ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းအတွက် အချိန်ပေးပါ


သူငယ်ချင်းတွေနဲ့မကြာခဏတွေ့ပြီး အချိန်ဖြုန်းတာကအချင်းချင်းပိုပြီး ခင်မင်ရင်းနှီးလာဖို့ အခွင့်အလမ်းတစ်ခုပါပဲနော်။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ချိန်းတိုင်း အလုပ်အားမယ့်ရက်ကို စောင့်ပြီး အချိန်ရွှေ့နေတာထက် မအားလပ်တဲ့ကြားက ရသလောက်လေး အချိန်ပေးပြီး သွားတွေ့နိုင်အောင် အားထုတ်ကြည့်ပါ။

ပွင့်ပွင့်လင်းလင်း ပြောဆိုပါ


ကိုယ်နဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုတာက စိတ်ညစ်စရာတွေရှိလာတဲ့အခါ ရင်ဖွင့်ဖော်အဖြစ် စိတ်ခွန်အားရစေမှာပါနော်။ ကိုယ်တိုင်ကလည်း မိတ်ဆွေတွေရဲ့ ပြောစကားတွေ သေချာနားထောင်ပေးဖို့ မမေ့ပါနဲ့။ ဒီလိုလုပ်ပေးတာက သင်အတွက် စိတ်တူကိုယ်တူ အပေါင်းအသင်းတွေ ပိုများလာစေမှာပါ။

အသိအမှတ်ပြုကြောင်း ပြပါ


ကိုယ့်သူငယ်ချင်းတွေအပေါ် အသိအမှတ်ပြုကြောင်း ပြဖို့လည်း မမေ့ပါနဲ့နော်။ သင်မှာ ဒီလို သူငယ်ချင်းတွေရှိတာ ဘယ်လောက်ထိ ကံကောင်းကြောင်း သူတို့ကို သိစေတာက သင်တို့ကြား ခင်မင်မှုပိုတိုးလာဖို့ ထောက်ပံ့ပေးမှာပါ။

ကတိတည်တတ်ဖို့ လိုပါတယ်


မိတ်ဆွေသူငယ်ချင်းတွေကြားမှာ အချင်းချင်း ယုံကြည်မှုက အရေးအကြီးဆုံးမို့ သင့်အနေနဲ့ ယုံကြည်ရတဲ့သူ ကတိတည်တဲ့သူတစ်ယောက် ဖြစ်နေဖို့လည်း လိုပါတယ်နော်။ ကိုယ့်သူငယ်ချင်းတွေအပေါ် ကတိတည်တတ်တဲ့သူဖြစ်အောင် ကြိုးစားပါ။

လိုက်လျောညီထွေ နေပါ


သဘောထားမတိုက်ဆိုင်တဲ့အချိန်တွေမှာ အချင်းချင်း လေးစားမှုနဲ့ ညှိယူပြီး နားလည်ပေးနိုင်အောင် ကြိုးစားတာကလည်း ရေရှည်ခံတဲ့ Friendship တစ်ခုတည်ဆောက်နိုင်မယ့် နည်းလမ်းတစ်ခုပါပဲ။ ဒါက သင့်ကို စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာဖို့အတွက်ပါ အထောက်အကူဖြစ်စေမှာပါ။

စိတ်ပါလက်ပါ နားထောင်ပါ


သူငယ်ချင်းတွေနဲ့ သံယောဇဉ်ပိုမြဲချင်ရင် သူတို့ရဲ့အကြောင်းကို စိတ်ဝင်စားမှုရှိဖို့လိုပါတယ်။ တွေ့တဲ့အခါ သူတို့ပြောတာကို အာရုံစိုက်ပြီး နားထောင်ပေးပါ။ တတ်နိုင်သလောက် အကြံပေးဖို့လည်း မမေ့ပါနဲ့။

အထိမ်းအမှတ်နေ့တွေ မှတ်သားထားပါ


မွေးနေ့တွေ၊ အရေးကြီးတဲ့နေ့တွေ မှတ်သားထားတာကလည်း သင့်အနေနဲ့ ကိုယ့်သူငယ်ချင်းတွေအပေါ် အလေးထားမှုကို ပြရာရောက်တာမို့ သင်လိုအပ်တဲ့အချိန်တွေမှာလည်း သူတို့က သင့်ဘေးမှာ အမြဲရှိနေပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar