ဟယ်လို ပျိုမေလေးတို့ရေ….ဆံပင်ဆိုးဆေး၊ ချွတ်ဆေး၊ လိုးရှင်း၊ စပရေးစသဖြင့် တစ်နှစ်လုံးမှာ အသုံးပြုခဲ့သမျှ ဆံကေသာအလှကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကိုပေါင်းကြည့်လိုက်မယ်ဆိုရင် ဘယ်လောက်တောင် ပိုက်ဆံတွေသုံးခဲ့မိသလဲဆိုတာ နားလည်သဘောပေါက်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်သုံးခဲ့သမျှ၊ လုပ်ခဲ့သမျှတွေထဲက အများစုဟာ ကိုယ့်ရဲ့ဆံကေသာကို အကျိုးကျေးဇူးဖြစ်စေတာထက် ဆိုးကျိုးဖြစ်စေတာက ပိုပြီးများပါတယ်။

ဓာတုဆေးဝါးတွေက ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက် ဘယ်လိုမှကောင်းကျိုးမဖြစ်နိုင်တာကြောင့် အသက်ကြီးတဲ့အထိ ခေါင်းမှာဆံသားလှလှလေးတွေ ကျန်ရစ်နေစေဖို့အတွက် သဘာဝနည်းလမ်းလေးတွေကို ပြောင်းပြီးအသုံးပြုကြည့်လိုက်ပါ။ အလှကုန်ပစ္စည်းတွေလောက် ပိုက်ဆံအများကြီး မသုံးရတဲ့အပြင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုမှာဖြစ်တာကြောင့် ဆံသားကိုတောက်ပြောင်မှု၊ နူးညံ့မှုတို့ကိုပေးစွမ်းပြီး သန်မာစိုပြေစေမှာဖြစ်ပါတယ်။

ကြက်ဥ၊ ဘီယာ၊ လီမွန်

ပါဝင်ပစ္စည်းများ

  • ကြက်ဥအကာ ၁ လုံး
  • အယ်လ်ကိုဟောမပါတဲ့ ဘီယာဖန်ခွက်တစ်ဝက်
  • လီမွန် ၁ ခြမ်း

ပြင်ဆင်နည်း

ကြက်ဥအကာကိုခေါက်လိုက်ပါ။ အယ်လ်ကိုဟောမပါတဲ့ဘီယာကိုထည့်ကာ သေချာနှံ့အောင်မွှေပေးပါ။ ပြီးရင် ခြမ်းထားတဲ့လီမွန်စိတ်ကို အရည်ညှစ်ထည့်ပြီးတော့ ထပ်မွှေပေးပါ။ အကုန်နှံ့သွားပြီဆိုရင် ရလာတဲ့အနှစ်ကို ရေစိုနေတဲ့ဆံပင်မှာလိမ်းပေးပါ။ လိမ်းပေးရင်းနဲ့ ခေါင်းကိုနှိပ်နယ်ပေးပါ။ ထို့နောက် ၁၅ မိနစ်မှ မိနစ် ၂၀ ထားပြီးတော့ သေချာရေဆေးသန့်စင်နိုင်ပါတယ်။ ဒီနည်းလေးကို တစ်ပတ်လျှင် တစ်ကြိမ်သုံးပေးနိုင်ပါတယ်။

ပျားရည်၊ ရှာလကာရည်၊ သံပုရာသီး

ပါဝင်ပစ္စည်းများ

  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုရာသီး ၁ ခြမ်း

ပြင်ဆင်နည်း

ရေနွေးတည်ပြီးတော့ ပျားရည် ၂ ဇွန်းထည့်ပါ။ ပွက်လာပြီဆိုရင် ပန်းသီးရှာလကာရည်ထည့်၊ သံပုရာရည်ညှစ်ထည့်ပါ။ အကုန်ထည့်ပြီးပါက သေချာနှံ့အောင်မွှေပေးပြီး မီးဖိုပေါ်ကချ၍ ခဏအအေးခံကာ ရေခဲသေတ္တာထဲကို မိနစ်အနည်းငယ်လောက်ထည့်ပေးပါ။ အေးသွားပြီဆိုရင် ရေစိုနေတဲ့ဆံပင်မှာလိမ်းပေးပြီး ခေါင်းကိုနှိပ်နယ်ကာ မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ပါက ခေါင်းလျှော်နိုင်ပါပြီ။

အယ်လ်ကိုဟောမပါတဲ့ဘီယာ

ပါဝင်ပစ္စည်းများ

  • အယ်လ်ကိုဟောမပါတဲ့ ဘီယာ ၁ ခွက်

ပြင်ဆင်နည်း

အယ်လ်ကိုဟောမပါတဲ့ ဘီယာနဲ့ခေါင်းလျှော်ရင်း ခေါင်းကိုညှင်ညှင်သာသာလေး နှိပ်ပေးပါ။ ၁၀ မိနစ်လောက်ခဏထားပြီးတော့ အကုန်ပြောင်စင် သွားအောင်လို့ သေချာဆေးကြောပါ။ ဒီနည်းလမ်းကို တစ်ပတ်လျှင် တစ်ကြိမ်လုပ်ပေးရုံနဲ့လုံလောက်ပါတယ်။