အမေရိကန်သုတေသနစစ်တမ်းအရ ၃၄ ရာခိုင်နှုန်းသော လူသားတွေဟာ မြင်မြင်ချင်းအချစ်ကို ခံစားကြရတယ်လို့ ဝန်ခံထားကြပါတယ်။ ချစ်ခြင်းက လူသားတိုင်းကို ပျော့ပျောင်းနူးညံ့လာအောင်၊ ပျော်ရွှင်လာအောင် ဖန်တီးပေးနိုင်ပါတယ်။

တကယ်လို့ ကိုယ့်ချစ်သူက ကိုယ့်ကို အမှန်တကယ် ချစ်ရဲ့လားဆိုတာ သံသယဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များနှင့် တိုက်ပြီး စစ်ဆေးကြည့်နိုင်ပါတယ်။

ချီးကျူးခံရအောင် ပြုမူတယ်

ကိုယ့်ချစ်သူက ကိုယ့်ရှေ့မှာ အသည်းအသန်တွေ အလုပ်ကြိုးစားပြတာမျိုး (သို့) အသည်းအသန် စာကြိုးစားပြတာမျိုး (သို့) တစ်စုံတစ်ခုမှာ တော်ကြောင်း ပြချင်တာမျိုးတွေကို ကြုံဖူးပါသလား။ ဒီလိုမျိုး သင့်ရှေ့မှာ တော်ကြောင်း ပြချင်တယ်ဆိုတာ ကြွားဝါချင်လို့၊ ဆရာကြီးလုပ်ချင်လို့၊ တတ်ကြောင်းပြချင်လို့ မဟုတ်ပါဘူး။ သင့်ဆီက ချီးကျူးစကားကြားချင်တာဖြစ်ပြီး ၊ ငါ့ချစ်သူက အရမ်းတော်ပါလားဆိုတဲ့ ဂုဏ်ယူဝံ့ကြွားမှုမျိုးကို ခံစားစေချင်လို့ပဲ ဖြစ်ပါတယ်။

မျက်လုံးချင်း စကားပြောနေသလား

ချစ်သူနှစ်ဦးသား မျက်လုံးချင်း စကားပြောခြင်းဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားကြောင်း၊ သူ့ရဲ့အကြောင်းတွေကို ပိုမိုသိရှိကာ လေ့လာလိုကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ အမျိုးသားနှင့် အမျိုးသမီးများကြား အနည်းငယ် ကွာခြားနိုင်ပါတယ်။

အချို့ အရှက်အကြောက်ကြီးတဲ့ အမျိုးသမီးများကတော့ စူးစူးရဲရဲကြီး စိုက်ကြည့်ရင် ရှက်သွေးဖြာကာ မျက်လွှာချသွားတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ချစ်သူရဲ့ စိတ်သဘောထားကို အပြည့်အဝနားလည်ထားမှသာလျှင် ဒီလက္ခဏာကို သိရှိနိုင်မှာဖြစ်ပါတယ်။

၄၈ နာရီအတွင်း စကားမပြောဘဲ မနေနိုင်ဘူး

တကယ်လို့ သင့်ချစ်သူနဲ့ သင်ဟာ ၄၈ နာရီကျော် ကြာသည်အထိ အဆက်အသွယ်မလုပ်ဘူး၊ စကားမပြောဖြစ်ဘူး၊ မက်ဆေ့ချ်မပို့ဖြစ်ဘူး၊ ဖုန်းမပြောဖြစ်ဘူးဆိုရင် သေချာပါတယ် သင်တို့နှစ်ယောက်ကြားက အခြေအနေတွေသည် အန္တရာယ်ရှိကြောင်းကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ နှစ်ယောက်ထဲက တစ်ယောက်က အခြားတစ်ယောက်အပေါ်  စိတ်မဝင်စားတာမျိုး၊ မကြိုက် မနှစ်သက်တော့တာမျိုးလည်း ဖြစ်နိုင်သလို၊ မာနတွေ တင်းခံနေကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တကယ်ချစ်တယ်ဆိုရင် မာနတွေက ဘေးသို့ အလိုလို ရောက်သွားပါပြီ။ တကယ်ချစ်တဲ့သူတွေဟာ ၄၈ နာရီကို တောင့်ခံဖို့မပြောနဲ့ ၁၂ နာရီ၊ ၂၄ နာရီအတွင်းမှာတောင် အဆက်အသွယ်မလုပ်ဘဲ မနေနိုင်ကြပါဘူး။

သင့်ရဲ့ ပွေ့ဖက်မှုက သူ့အတွက် နာကျင်စရာများကို ဖယ်ရှားပေးနိုင်တယ်

ဘဝမှာ အခက်အခဲများ၊ ကြမ်းတမ်းမှုများဟာ အချိန်မရွေး ခံစားရမယ့်အရာ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့အချိန်၊ စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ့်ချစ်သူဆီက ပွေ့ဖက်မှုကို ခံစားရခြင်းဟာ နာကျင်မှုများကို ဖြေဖျောက်ပေးနိုင်ပါတယ်။ သင့်ချစ်သူက စိတ်ညစ်စရာ အကြောင်းတစ်စုံတစ်ရာရှိတဲ့အခါ သင့်ကို အမြဲတမ်း တိုင်ပင်တယ် ၊ အကြံဥာဏ်များ ရယူတယ်ဆိုရင် သင့်ကို တကယ်အားကိုးလို့ အမှန်တကယ် ချစ်မြတ်နိုး၊ ယုံကြည်လို့ပဲ ဖြစ်ပါတယ်။

သိပ္ပံနည်းကျ သက်သေပြချက်များအရ ကိုယ့်ရဲ့ ချစ်သူထံမှ ပွေ့ဖက်မှုများ၊ လက်ဖဝါးများကို ကိုင်ပေးထားခြင်းတို့ဟာ စိတ်ညစ်စရာများကို ဖြေဖျောက်ပေးနိုင်ကြောင်း သိရှိရပါတယ်။