ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လူတိုင်းနဲ့အဆင်ပြေတာက အရမ်းကောင်းပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိပါတယ်။ ဒီလို ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက် ဖြစ်လာဖို့အတွက်ဆိုရင် ဒီအချက်တွေက အကူအညီဖြစ်စေပါတယ်။

မျက်နှာချိုပါ

အရေးအကြီးဆုံးအချက်က မျက်နှာချိုတဲ့သူတစ်ယောက် ဖြစ်အောင်နေပါ။ ဘယ်အချိန်ကြည့်ကြည့် မျက်နှာပြုံးချိုနေတဲ့သူကို လူတိုင်းကခင်ချင်ပါတယ်။ သဘောကျကြပါတယ်။ မျက်နှာအမြဲဆူပုပ်နေရင် လူအမြင်ကပ်စရာဖြစ်စေပါတယ်။ လူမှုဆက်ဆံရေးကောင်းပြီး လူတိုင်းနဲ့ အဆင်ပြေစေဖို့ မျက်နှာပြုံးချိုနေဖို့ကလည်း အရေးကြီးပါတယ်။

ရေလိုက်ငါးလိုက်နေပါ

ဒုတိယအရေးကြီးတဲ့အချက်ကတော့ ရေလိုက်ငါးလိုက်နေတတ်ဖို့ပါပဲ။ ရေလိုက်ငါးလိုက် နေတတ်တဲ့သူက လူတိုင်းနဲ့အဆင်ပြေပါတယ်။ သူများပြောသမျှကို အရမ်းလိုက်တွေးပြီး လိုက်ခံစားမနေပါနဲ့။ စိတ်ထဲလည်းမထားပါနဲ့။ ပြောသမျှကို စိတ်ထဲထားပြီး ခံစားနေရင် ကိုယ်ပဲစိတ်ရှုပ်ရပါတယ်။

လိုတာထက်ပိုမပြောပါနဲ့

စကားကိုလိုတာထက်ပိုပြီး အများကြီးပြောနေရင် အမှားတွေပါတတ်ပါတယ်။ စကားပြောတော့မယ်ဆိုရင် ပြောသင့်လား၊ မပြောသင့်လား စဉ်းစားသင့်ပါတယ်။ စိတ်ထဲရှိတဲ့အတိုင်း ပြောချလိုက်လို့ လူအမြင်ကပ်စရာဖြစ်သွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် စကားပြောဆင်ခြင်ပြီး လိုတာထက်ပိုမပြောတာ အကောင်းဆုံးပါပဲ။

ကိုယ့်စိတ်ထဲရှိတာတွေအကုန်မပြောပါနဲ့

ဘာမှမစဉ်းစားပဲ ဒေါသထွက်လည်း ဒေါသအလျှောက် မပြောသင့်တာတွေကအစ ပြောနေတာမျိုးတွေက အမှားပါတတ်ပါတယ်။ မှန်တာပြောရင် လူမုန်းများတယ်ဆိုသလိုပဲ ကိုယ့်စိတ်ထဲရှိတာတွေ အကုန်ထုတ်မပြောပါနဲ့။ ပြောတော့မယ်ဆိုရင် ပြောသင့်တဲ့အရာလား မပြောသင့်တဲ့အရာလား သေချာစဉ်းစားသင့်ပါတယ်။

စကားဖြတ်မပြောပါနဲ့

သူများစကားပြောနေရင် အမြဲဖြတ်ဖြတ်ပြောတာမျိုးက ဘယ်သူမှမကြိုက်ပါဘူး။ တစ်ဖက်လူစကားပြောရင် သူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်ပေးပါ။ ပြောလို့မပြီးသေးပဲ ဖြတ်ပြောတာမျိုး မလုပ်ပါနဲ့။ ကိုယ်ပြောချင်ရင်တောင် သူများပြောတာအရင်နားထောင်ပြီး အားလုံးပြီးမှသာ ကိုယ်ပြောချင်တာကိုပြောပါ။ စကားဖြတ်ပြောတာက လူအမြင်ကပ်စရာဖြစ်သလို၊ ရိုင်းလည်းရိုင်းတာကြောင့် အကုန်ကောင်းနေပြီး ဒီအပြုအမူတစ်ခုကြောင့် အထင်လွဲမခံပါနဲ့။