တစ်ခုခုဆို ဝမ်းနည်းတတ်လွယ်တတ်တဲ့သူတွေအတွက် အချိန်တိုင်း ဝမ်းနည်းပူဆွေးနေတာမျိုး မဖြစ်အောင် ကူညီပေးမယ့်အချက်တွေကို မျှဝေပေးလိုက်ပါတယ်။ ဒီအချက်တွေကိုလုပ်ရင်းနဲ့ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှုတွေကို လျှော့ချပစ်လိုက်ရအောင်…။

အပြင်သွားပါ

အပြင်သွားတဲ့အခါ စိတ်လွတ်လပ်ပေါ့ပါးနေပြီး ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ဖိစီးမှုတွေလည်း မေ့ပျောက်သွားစေပါတယ်။ ဒါကြောင့် အပြင်သွားပြီး သူငယ်ချင်းတွေနဲ့ တွေ့တာမျိုးလည်း လုပ်ပေးပါ။

ချစ်တဲ့သူတွေနဲ့အချိန်ကုန်ဆုံးပါ

ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ကိုလည်းချစ်တဲ့သူတွေနဲ့ အချိန်ကုန်ဆုံးတဲ့အခါ အရာအားလုံးမေ့ပြီး စိတ်ပျော်ရွှင်မှု၊ စိတ်သက်သာရာရမှုတွေကို ရရှိစေပါတယ်။ အချိန်တိုင်းပူဆွေးနေတာမျိုး မဖြစ်အောင်လို့ ဒီလိုအရာလေးတွေကို လုပ်ကြည့်နော်။

အိမ်မွေးတိရိစ္ဆာန်မွေးပါ

အိမ်မွေးတိရိစ္ဆာန်မွေးခြင်းက stress တွေလျော့ကျစေတဲ့အပြင် အထီးကျန်မှုကိုလည်း သက်သာစေပါတယ်။ စိတ်ပျော်ရွှင်ကြည်နူးမှု ရစေပါတယ်။ တိရိစ္ဆာန်ချစ်တတ်တဲ့သူတွေအတွက်ဆို ပိုတောင်စိတ်ပျော်ရွှင်ရမှာပါ။

စာဖတ်ပါ

စိတ်ခွန်အားဖြစ်စေမယ့်စာတွေ၊ ဗဟုသုတရစေမယ့်စာတွေ၊ ဟာသစာအုပ်တွေ ဖတ်ခြင်းကလည်း စိတ်ကိုတည်ငြိမ်စေတဲ့အတွက် အချိန်တိုင်း ဝမ်းနည်းပူဆွေးနေတာမျိုးတွေ မဖြစ်စေတော့ပါဘူး။

တစ်ခုခုသင်ယူပါ

 

အားနေရင် တွေးပြီးတော့ ဝမ်းနည်းတာ၊ စိတ်ညစ်တာတွေက ဖြစ်နေမှာပါပဲ။ ဒီတော့ အချိန်ကို အကျိုးရှိအောင် အသုံးချဖို့အတွက် တစ်ခုခုကို စတင်ပြီးတော့ လေ့လာသင်ယူကြည့်ပါ။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးမဝရင် စိတ်ခံစားချက်တွေက ပိုဆိုးလာစေပါတယ်။ စိတ်ညစ်နေတဲ့သူဆိုရင် ပိုစိတ်ညစ်စေတယ်၊ ပိုပြီး စိတ်ဖိစီးစေပါတယ်။ ဒါကြောင့် အရေးကြီးတဲ့အချက်က အိပ်ရေးဝအောင်အိပ်ဖို့လည်း မမေ့ပါနဲ့။

ဝါသနာပါတာလုပ်ပါ

ကိုယ်ဝါသနာပါတာတွေ လုပ်နေရရင် အရာအားလုံးကိုမေ့ပြီးတော့ အဲ့ထဲမှာပဲ စိတ်နှစ်ထားနိုင်တဲ့အတွက် ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်နိုင်ပါတယ်။ အချိန်တိုင်း ဝမ်းနည်းပူဆွေးနေတာမျိုးတွေလည်း မဖြစ်တော့ဘူးပေါ့။