လမ်းခွဲတာ၊ ဒါမှမဟုတ် အထားခံခဲ့ရတာ၊ ကိုယ်သဘောကျသူက နောက်တစ်ယောက်တွဲသွားတာ စတဲ့ဖြစ်ရပ်တွေက သင့်အတွက် နာကျင်ပြီး ခံပြင်းစရာဖြစ်ရပ်တွေပဲ့ ဖြစ်တတ်ပါတယ်။ အသည်းကွဲတဲ့အချိန်ဆို အများစုက အထီးကျန်တာ၊ ညဘက် အိပ်မရတာ၊ အစားမဝင်တာ၊ ခဏခဏ အစားနဲ့ပါးစပ်မပျက်တာ၊ အချိန်တိုင်း ငိုနေတာ စတဲ့ နောက်ဆက်တွဲပြဿနာတွေကို ခံစားရတတ်ပါတယ်။ သင်က ဒီလို ခံစားနေရတယ်ဆိုရင် ဒါအတွက် သင့်ကိုယ်သင် အပြစ်မတင်သင့်ပါဘူး။ ဒါပေမဲ့ အဲ့ဒီအထဲမှာပဲ့ နှစ်မွန်းနေတာမဟုတ်ပဲ့ သင့်ကိုယ်သင် ပြောင်းလဲပေးရင်း နာကျင်ရတဲ့ဒဏ်ရာတွေကို ကုစားပေးဖို့ လိုပါတယ်နော်။

ဒါကြောင့် အတိတ်က နာကျင်ရတဲ့နေ့ရက်တွေထဲကနေ ရုန်းထွက်နိုင်ဖို့ သင့်ကိုယ်သင် ပြောင်းလဲပေးသင့်တဲ့အရာတချို့ ရှိပါတယ်။ အဲ့ဒီအရာလေးတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်-

သင့်ကိုယ်သင် ပိုပြီးချစ်ပေး ဂရုစိုက်ပေးပါ

အသည်းကွဲပြီးနောက်မှာ သင့်ကိုယ်သင် အပြစ်တင်တတ်ပါလိမ့်မယ်။ ငါက ရုပ်ဆိုးလို့၊ မပြည့်စုံလို့ စတဲ့ စိတ်တွေက သင့်ကို နှိပ်စက်တတ်ပါတယ်။ ဒီလိုမဖြစ်ဖို့ မှန်ရှေ့မှာ သင့်ကိုယ်သင် “ငါက လှတယ်၊ ငါ့ကိုယ်ငါ ယုံကြည်မှုရှိတယ်၊ ငါက တန်ဖိုးရှိတယ်” စတဲ့ စကားတွေကို ပြောသင့်ပါတယ်။ ပန်းတိုင်တစ်ခုထားပြီး ဒီပန်းတိုင်ကို ဖြစ်မြောက်အောင် ကြိုးစားသင့်ပါတယ်။ တစ်ရက်တာမှာ သင့်ကိုယ်သင် ချီးကျူးဖို့ မမေ့ပါနဲ့။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို ပိုပြီးစားပါ

သင်ကြိုက်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ချရေးပြီး ဒီအစားအသောက်တွေကို အရင်ကထက် ပိုစားပေးသင့်ပါတယ်။ သင့်ကိုယ်သင် လုံးဝပြောင်းလဲဖို့ အစားအသောက်ကနေ စပြီး ကြိုးစားသင့်ပါတယ်။

အားကစားတစ်ခုခုလုပ်ပေးဖို့ မမေ့နဲ့

ချွေးထွက်များလာတဲ့အခါ အဆီပိုတွေ ကျစေပြီး သင့်အသားအရေ အရင်ထက် ပိုကြည့်ကောင်းလာပါလိမ့်မယ်။ ခံစားခဲ့သမျှ အရာတွေကို ချွေးနဲ့ ချေဖျက်နိုင်ပါတယ်။ အားကစားပုံမှန်လုပ်တဲ့အခါ သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာပြီး သင့်ကို ထားခဲ့သူထက် သင်ပိုသာကြောင်း သိလာပါလိမ့်မယ်။

သင့်ပုံစံကို ပြောင်းလဲပစ်ပါ

ဒါကတော့ မပြောရင်တောင် သင်လုပ်ပြီးနေပါပြီ။ ဆံပင်ပုံစံ ပြောင်းတာ၊ ဆံပင်အရောင်ဆိုးတာ၊ နှုတ်ခမ်းဖူးဖူးလေးရအောင် Filler ထိုးတာ စသဖြင့် သင်လုပ်ချင်တဲ့အရာတစ်ခုကို အပြောင်းအလဲ တစ်ခုဖြစ်အောင် ပြုလုပ်သင့်ပါတယ်။ လုပ်ပြီးရင် လှမယ်လို့ ယုံကြည်ထားတဲ့ အရာတစ်ခုကို သင်လုပ်ပြီးနောက် သင်ဖြစ်စေချင်တဲ့ပြောင်းလဲမှုတွေ သင့်ဆီမှာ တကယ်ဖြစ်လာပါလိမ့်မယ်။

အဝတ်ဗီဒိုကို ရှင်းပါ

အဝတ်ဗီဒိုရှင်းပြီးနောက် သင်နဲ့ လိုက်တဲ့ စတိုင်၊ သင်မဝတ်တော့တဲ့ အဝတ်အစားတွေ ထွက်လာပါလိမ့်မယ်။ သင်လိုတာတွေကို ပြန်ဝတ်ကာ အသစ်အဆန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး မလိုတာတွေကို ရည်းစားအဟောင်း၊ လူအဟောင်းလို စွန့်ပစ်နိုင်ပါတယ်။

စိတ်သစ် ကိုယ်သစ်အဖြစ် ပြောင်းလဲနေထိုင်ပါ

သင်က အနှောင်အဖွဲ့ကင်းသွားပြီ ဖြစ်တာကြောင့် သင်လုပ်ချင်တာကို လုပ်နိုင်ပါတယ်။ သင်ချစ်တဲ့သူတွေနဲ့ အချိန်ပိုကုန်ဆုံးတာ၊ သင်နှစ်သက်တဲ့ စာအုပ်တွေကို ဖတ်တာ၊ သင်ဝါသနာပါတဲ့ အရာတွေနဲ့ အချိန်ကုန်ဆုံးတာတွေကို ဂုဏ်ယူစွာ လွတ်လွတ်လပ်လပ် လုပ်နိုင်ပါပြီ။

သင်က အပေါ်က အချက်တွေကို ဂရုတစိုက် လိုက်လုပ်မယ်ဆိုရင်တော့ နာကျင်ရတဲ့အတိတ်တွေထဲကနေ မုချရုန်းထွက်နိုင်ပြီး ပြောင်းလဲလာမှာ မလွဲမသွေပါပဲ။