မင်္ဂလာပါနော်။ လူတစ်ယောက်က စိတ်ရောကိုယ်ပါ လန်းဆန်းနေဖို့ဆိုရင် အိပ်ချိန်မှန်မှန်ရှိဖို့လည်း အရေးကြီးပါတယ်။ ပုံမှန်အိပ်ချိန်ကောင်းကောင်းမရှိတာ အကျင့်ပါသွားတဲ့အခါ အသားအရေကိုပါ ထိခိုက်လာမယ့်အပြင် ကိုယ်အလေးချိန်အတက်အကျမြန်တာတွေလည်း ဖြစ်လာမှာပါ။ ဒါကြောင့်မို့ ဘယ်လောက်ပဲအလုပ်များများ အိပ်ချိန်မှန်အောင်တော့ အလေ့အကျင့်လုပ်ထားပါနော်။ ဒီတစ်ခေါက်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ညဘက်အိပ်ပျော်ဖို့ခက်ပြီး အိပ်ချိန်မမျှတဲ့သူတွေအတွက် ပြန်လည်ပြုပြင်နိုင်ဖို့ လုပ်နိုင်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ နေ့ခင်းဘက်အိပ်တာကိုလျှော့ပါ
နေ့ခင်းဘက်ကို မိနစ် ၃၀ ထက်ပိုအိပ်မိတဲ့သူတွေက ညဘက်မှာ အိပ်ချင်ဖို့ခက်သွားတတ်ပါတယ်။ ညဘက်အိပ်ချိန် နောက်ကျသွားရင် မနက်ထဖို့ခက်ပြီး သင့်ရဲ့အိပ်ချိန်တွေ ကမောက်ကမ ဖြစ်လာမှာပါ။ ဒါကြောင့် နေ့ခင်းဘက်အိပ်တာကိုတတ်နိုင်သလောက်လျှော့ချပြီး တစ်ခါတစ်ရံ အရမ်းအိပ်ချင်လာမှ ၁၅ မိနစ်လောက် မှေးတာမျိုး လုပ်သင့်ပါတယ်။
၂။ သတ်မှတ်ထားတဲ့အိပ်ချိန်ရောက်တာနဲ့ အခန်းမီးတွေ မှိန်လိုက်ပါ
သင့်တော်တဲ့အိပ်ချိန်ရောက်ပြီဆိုရင် ဖုန်းနဲ့ စက်ပစ္စည်းတွေက တတ်နိုင်သလောက် ဝေးဝေးမှာထားပြီး အခန်းမီးကိုပါ ခပ်မှိန်မှန်လေးပဲထွန်းထားလိုက်ပါ။ အိပ်ခါနီးမှာ အလင်းရောင်စူးစူးတွေ မျက်လုံးနဲ့နီးအောင် မထားတာက မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကူညီပေးရာရောက်ပါတယ်။
၃။ ရေနွေးနွေးနဲ့ ရေချိုးပါ
ရေနွေးနွေးက ခန္ဓာကိုယ်အကြောတွေပြေပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေပါတယ်။ အိပ်ခါနီး တစ်နာရီအလိုလောက်မှာ ရေနွေးလေးနဲ့ ရေစိမ်တာ၊ ရေချိုးတာမျိုးလုပ်ကြည့်ပါ။
၄။ ငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေ နားထောင်ပါ
မအိပ်ခင် သီချင်းငြိမ့်ငြိမ့်လေးတွေ နားထောင်ပေးတာကလည်း စိတ်တင်းကြပ်မှုတွေေ ပြလျော့ပြီး အမြန်ဆုံးအိပ်မောကျစေပါတယ်။ သံစဉ်အေးအေးလေးတွေကို အာရုံစိုက်ထားတာက သင့်ကို အိပ်ခါနီးအတွေးမများတော့အောင် ကူညီပေးမှာပါ။
၅။ အိပ်ခါနီး စာအုပ်ဖတ်ပါ
စာအုပ်ဖတ်လိုက်ရင် အိပ်ငိုက်လာတာမျိုး ကြုံဖူးကြမှာပါ။ လေ့လာမှုတွေအရ မျက်လုံးကြွက်သားတွေ လှုပ်ရှားပေးတာက ပိုပြီးမြန်မြန်အိပ်ပျော်စေတတ်တာမို့ စာဖတ်ရင်း မျက်လုံးကို အလုပ်ပေးလိုက်တဲ့အခါမှာ အိပ်ချင်လာတတ်ကြတာပါ။ ဒါကြောင့်မို့ အိပ်ခါနီးစာအုပ်ဖတ်တဲ့အကျင့်လုပ်ကြည့်ပါနော်။
၆။ အိပ်ချိန်နဲ့နီးပြီး မစားပါနဲ့
သင်က ညဘက်အိပ်ပျော်ဖို့ခက်တဲ့သူဆိုရင် အိပ်ခါနီးမှာ အဓိကအနေနဲ့ အပူအစပ်၊ Alcohol နဲ့ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို မစားမိအောင် ရှောင်ဖို့လိုပါတယ်။
၇။ ရေနွေးလေးနဲ့ ခြေထောက်စိမ်ပါ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အိပ်ခါနီး ၁၅ မိနစ်လောက် ခြေထောက်ကို ရေနွေးနွေးလေးနဲ့ စိမ်တာမျိုးလည်း လုပ်ကြည့်နိုင်ပါတယ်နော်။ ခြေထောက်ကိုရေနွေးလေးနဲ့ ထိတွေ့လိုက်တာက သွေးလည်ပတ်မှုကောင်းပြီး အကြောလည်းပြေတာမို့ အိပ်ပျော်ဖို့လွယ်မှာပါ။
Photo Source: Pinterest
By MyStyle Myanmar