အားလုံးပဲမင်္ဂလာပါနော်။ မြန်မာလူမျိုးတွေဟာ မိန်းမတို့ဘုန်း ဆံထုံးဆိုသလို ဆံကေသာကို သိပ်တန်ဖိုးထားကြပါတယ်။ ဆံကေသာရဲ့ အလှဟာလည်း လူတစ်ယောက်ရဲ့ သွင်ပြင်အတွက် သိပ်ကိုအရေးပါလှပါတယ်။ ဆိုတော့ ဆံကေသာကို ထိန်းသိမ်းဂရုစိုက်သင့်ပါတယ်။

ဆံကေသာနဲ့ပတ်သက်ရင် ဆံပင်ကြမ်းခြင်း၊ ကျွတ်ခြင်း၊ ဗောက်ထခြင်း၊ အဆီပြန်ခြင်း၊ ဆံပင်ပျက်စီးခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း စတဲ့ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

ဒီလိုပြဿနာတွေကနေ ကင်းဝေးပြီး ကျန်းမာသန်စွမ်းတဲ့ဆံကေသာကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဆံကေသာကို ဘယ်လိုဂရုစိုက် ထိန်းသိမ်းရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ ခေါင်းလျှော်တဲ့အခါ

ခေါင်းလျှော်တဲ့အခါ ရေအေးအေးနဲ့လျှော်ပါ။ ဦးရေပြားနဲ့ ဆံကေသာကို အုန်းဆီ ၊ သံလွင်ဆီ တစ်ခုခုနဲ့ လိမ်းပေးပြီး သေချာလေး နှိပ်နယ်ပေးပါ။ ပြီးရင် မိမိ ဦးရေပြားနဲ့ သင့်တော်တဲ့ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပါ။ ပြီးရင်ပေါင်းဆေးသုံးပါ။နေ့တိုင်းလည်း ခေါင်းမလျှော်ပါနဲ့။

၂။ အခြောက်ခံတဲ့အခါ

ဆံပင်ကိုအခြောက်ခံတဲ့အခါ နူးညံ့တဲ့ တဘက်နဲ့ ညင်သာစွာ သုတ်ပေးလိုက်ပါ။ ရေစိုနေချိန်မှာ ခေါင်းဖြီးပေးပြီး အခြောက်ခံတာမျိုးကိုရှောင်ပေးပါ။ လေမှုတ်စက်မသုံးတာ အကောင်းဆုံးဆိုပေမယ့် မတတ်နိုင်လို့ သုံးတဲ့အခါ ဆံပင်အားလုံးခြောက်အောင်မဟုတ်ဘဲ ၇၀ % ခြောက်အောင်ပဲမှုတ်ပေးပါ။

၃။ ခေါင်းဖြီးတဲ့အခါ

ခေါင်းဖြီးတဲ့အခါမှာ ဘီးကြဲတာကိုရွေးချယ်ပြီးဖြီးပေးပါ။ ဆံပင်ကို ခပ်ကြမ်းကြမ်းမဖြီးပါနဲ့။

၄။ ဆံပင်ပုံသွင်းတဲ့အခါ

တတ်နိုင်သလောက် ဆံပင်ကို အပူပေးစက်တွေနဲ့ ပုံသွင်းတာမျိုးရှောင်ပေးပါ။ ဒါပေမယ့် မတတ်နိုင်လို့သုံးမယ်ဆိုရင် အပူချိန်ကို ထိန်းညှိပြီးသုံးပေးသင့်ပါတယ်။

ဒါ့အပြင် ဆံပင်ပျက်စီးတာကို သက်သာစေဖို့ ခေါင်းလိမ်းဆီလိုမျိုး အဆီတစ်မျိုးမျိုးလိမ်းပေးလိုက်ပါ။

၅။ နေရောင်ခြည်နဲ့ လေထုညစ်ညမ်းမှုမှကာကွယ်ပါ

သင့်ဆံကေသာကို နေရောင်ခြည်နဲ့ လေထုညစ်ညမ်းမှုတွေကနေ ကာကွယ်သင့်ပါတယ်။ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာမျိုးလုပ်နိုင်ပါတယ်။

၆။ ဆံပင်စတိုင်လုပ်တဲ့အခါ

ဆံပင်ကို စည်းတာ၊ ကျစ်ဆံမြီးကျစ်တာမျိုးလုပ်တဲ့အခါ အရမ်းတင်းတင်းကြီး မလုပ်သင့်ပါဘူး။ ခပ်ဖွဖွလေးပဲစည်းပေးသင့်ပါတယ်။

၇။ ညအိပ်ယာဝင်တဲ့အခါ

ညအိပ်ယာဝင်မယ်ဆိုရင် ဆံပင်ကိုစည်းပေးထားတာမျိုးလုပ်ပေးပါ။ မနက်ဖြန်ခေါင်းလျှော်မယ်ဆိုရင် ဒီနေ့ညမှာ ဆံပင်ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီလိမ်းပြီး ပေါင်းတင်ပေးလိုက်ပါ။ မနက်ကျမှ ခေါင်းလျှော်ပါ။

Source: www.stylecraze.com