ကိစ္စတစ်ခုခု ဆိုရင် မဖြစ်ခင်တည်းက စိုးရိမ်လွန်းအားကြီးသူတွေကို သင်မြင်ဖူးမှာပါ။ ဘယ်ဟာ မပြီးသေးဘူး၊ မှီပါ့မလား၊ အဆင်ပြေပါ့မလား၊ ဟုတ်ရောဟုတ်လို့လား စတဲ့ မေးခွန်းအကြောင်းအရာမျိုးစုံနဲ့ သင်က တွေးနေတတ်သူ ဆိုရင် စိုးရိမ်ပူပန်လွန်းသူ ဖြစ်နေပါပြီ။ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးတွေက သင့်ကို ရေရှည်မှာ ပိုဒုက္ခဖြစ်စေနိုင်ပါတယ်။ စိုးရိမ်ပူပန်လွန်းတဲ့အခါ တခြား လုပ်စရာတွေကိုပါ လစ်ဟင်းသွားတတ်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ စိုးရိမ်လွန်းတာကို လျှော့ချနိုင်မယ့် လက်တွေ့နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်ပါ

အသက်ရှူလေ့ကျင့်ခန်းက သင့်နှလုံး၊ အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ရှူထုတ်လိုက်တဲ့လေမှာ သင်စိုးရိမ်နေတဲ့အရာတွေ ပါသွားနိုင်ပါတယ်။ လေသွင်းလေထုတ် လုပ်ခြင်းကို အာရုံစိုက်လာတဲ့အခါ အရင်ထက် ပိုစိတ်အေးလာပါလိမ့်မယ်။

၂။ သင့်အိပ်ချိန်ကို ဂရုစိုက်ပါ

သင်က စိုးရိမ်စိတ်များလွန်းသူ ဆိုရင် အိပ်ရေးဝအောင်၊ အိပ်ချိန်မှန်အောင် ကြိုးစားသင့်ပါတယ်။ အိပ်ချိန်က ပုံမှန်ဖြစ်နေရင်တော့ အကောင်းဆုံးပါပဲ။

၃။ လှုပ်လှုပ်ရှားရှားနေပါ

လှုပ်လှုပ်ရှားရှား နေလိုက်တဲ့အခါ သင့်စိတ်ပူပန်စရာတွေ ပျောက်သွားစေနိုင်ပါတယ်။ ဒါ့အပြင် လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်း လုပ်ခြင်းက သင့်ပျော်ရွှင်မှု ဟော်မုန်းကို တိုးစေနိုင်ပါတယ်။

၄။ လက်ရှိအချိန်မှာ အာရုံစိုက်ပါ

ဖြစ်လာမယ့် အနာဂတ်ကို တွေးပူနေလို့ ဘာမှထူးလာမှာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်အောင် နေထိုင်သင့်ပါတယ်။ လက်ရှိအချိန်မှာ အာရုံစိုက်တဲ့အခါ သင်အရင်ထက် ပိုနေလို့ ကောင်းလာပါလိမ့်မယ်။

၅။ ခဏတဖြုတ်နားပါ

သင်က စိတ်ပင်ပန်းတယ်ဆိုရင် အလုပ်ဖိမလုပ်ဘဲ ခဏတဖြုတ် နားသင့်ပါတယ်။ နားတဲ့အခါလည်း သင့်ကိုယ်သင် ဘာလို့နားလဲ ဆိုပြီး အပြစ်မတင်သင့်ပါဘူး။ စိုးရိမ်စိတ် များလွန်သူတွေအနေနဲ့ ခဏတဖြုတ် ဒီစိတ်ကို ဖျောက်ပစ်ဖို့ မမေ့သင့်ပါဘူး။

၆။ တီထွင်ဖန်တီးပါ

ပူပန်လွန်းတဲ့သူတွေအနေနဲ့ အာရုံတစ်ခုခုမှာ နစ်မြုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဥပမာ- ပန်းချီဆွဲတာ၊ Handmade တစ်ခုခု လုပ်တာ စတာတွေမှာ အာရုံစိုက်ထားသင့်ပါတယ်။

၇။ အကူအညီတောင်းပါ

သင်က ကိစ္စတစ်ခုခုမှာ စိုးရိမ်လွန်းနေတယ်ဆိုရင် တခြားလူတွေဆီမှာ ရင်ဖွင့်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ သင်ဘယ်နေရာတွေမှာ စိတ်ပူနေတာလဲ သူတို့ သိအောင် ပြောပြသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar