အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ရန်အတွက် ကူညီပေးမယ့် အလေ့အကျင့်ကောင်းတစ်ခုဖြစ်တဲ့ ရေသောက်ခြင်းကို လျစ်လျူရှုမထားသင့်ပါဘူး။

တစ်နေ့လျှင် ရေပမာဏ ဘယ်လောက်များများ သောက်သုံးရမလဲ

အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့လျှင် ရေ ၁ လီတာခွဲ၊ ၂ လီတာခန့် သောက်သုံးသင့်ပါတယ်။ တကယ်လို့ ရာသီဥတုက အလွန်အမင်း ပူအိုက်တဲ့အခါများ၊ လေ့ကျင့်ခန်း ပြုလုပ်တဲ့အချိန်မျိုးမှာ ချွေးထွက်များတာကြောင့် ခန္ဓာကိုယ်က ရေဓာတ် ဆုံးရှုံးသွားတာကြောင့် ရေများများ ပိုသောက်ပေးဖို့လိုအပ်ပါတယ်။

အရည်ရွှမ်းတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အစားထိုးစားသုံးခြင်း

ရေချည်းပဲ သောက်နေရတာ ငြီးငွေ့လာပြီဆိုတဲ့သူတို့အတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းတစ်ခုပါ။ သစ်သီးများဟာ အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့အတွက် များများစားသုံးပေးဖို့ လိုအပ်ပါတယ်။

ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကတော့ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ သခွားမွှေး၊ နာနတ်သီး၊ သခွားသီး၊ မုန်လာဥများ၊ ခရမ်းချဉ်သီး အစရှိတဲ့ အစားအစာများပဲဖြစ်ပါတယ်။

ရေထဲသို့ အရသာထည့်ကာ သောက်သုံးခြင်း

ရေထဲသို့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အချိုမှုန့်တွေ ထည့်ခိုင်းတာကို ဆိုလိုတာမဟုတ်ပါဘူး။ သံပုရာသီးဖျော်ရည်များ၊ Detox Water ဖျော်ရည်များ ပြုလုပ်ကာ ကျန်းမာရေးနှင့် ညီညွှတ်တဲ့ ဖျော်ရည်များ ဖန်တီးခိုင်းတာဖြစ်ပါတယ်။

မိမိသောက်တဲ့ရေက အရသာတမျိုးလေး ဖြစ်နေအောင် သောက်ရတဲ့အခါမှာလည်း ငြီးငွေ့နေမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် ကြက်စွပ်ပြုတ်၊ အမဲစွပ်ပြုတ် အစရှိတဲ့ အရည်များကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

ရေငတ်တဲ့အချိန်အထိ မစောင့်ဆိုင်းဘဲ ရေကို နည်းနည်းချင်းစီ သောက်သုံးခြင်း

တစ်နေ့တာလုံးမှာ ရေငတ်သွားတဲ့အချိန်ထိ မစောင့်ဘဲ ရေကို နည်းနည်းချင်းစီ သောက်သုံးပေးဖို့လိုအပ်ပါတယ်။ အပြင်သွားတဲ့အခါမှာလည်း အိတ်ဆောင် ရေဘူးငယ်လေး သယ်သွားကာ ရေ ပုံမှန်သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

ရေသောက်တဲ့အချိန်မှာလည်း မှန်မှန်သောက်သုံးသလို အပေါ့အလေး သွားရမယ့်အချိန်မှာလည်း ချုပ်တည်းမထားဘဲ မှန်မှန်သွားဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျောက်ကပ်ကျန်းမာရေးကို သွားပြီးဒုက္ခမဖြစ်စေမှာပါ။