ကိုရီးယားကားတွေအကြည့်များပြီး ကိုရီးယားကားထဲကမင်းသမီးလေးတွေလို အသားအရေလှချင်တဲ့စိတ်ကတော့ မိန်းကလေးတိုင်းမှာရှိကြပါတယ်။ ဒါကြောင့် ကိုရီးယားမလေးတွေလှသလို လှချင်တော့ ကိုရီးယားအလှကုန်တွေဝယ်၊ Skin Care တွေဝယ်ပြီး အသားအရေကိုထိန်းသိမ်းကြတော့တာပေါ့။ တကယ်တော့ ငွေကုန်ကြေးကျအများကြီးခံစရာမလိုပဲ အသားအရေအတွက်လုပ်သင့်လုပ်ထိုက်တဲ့၊ ထိရောက်တဲ့နည်းလမ်းလေးတွေကို လုပ်ပေးမယ်ဆိုရင် အသားအရေကို သိသိသာသာကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

မျက်နှာမှာရှိနေတဲ့ အမည်းစက်နဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေဖို့အတွက်ဆိုရင် ရေနွေးငွေ့ကအကောင်းဆုံးပါပဲ။ သင့်မျက်နှာအသားအရေကို ဘာမှထပ်ပြီးမလိမ်းချင်တော့ဘူးဆိုရင် သဘာဝနည်းလမ်းလည်းဖြစ်ပြီး ဆိုးကျိုးလည်းမရှိတဲ့အတွက်ကြောင့် တော်တော်လေးကိုအဆင်ပြေတဲ့နည်းလမ်းလေးဖြစ်မှာပါ။ ရေနွေးတွေကိုဇလုံတစ်ခုထဲထည့်ပြီး မျက်နှာကိုရေနွေးဇလုံပေါ်မှာ ထားထားလိုက်ပါ။

ရေနွေးငွေ့တွေက သင့်မျက်နှာအသားအရေမှာရှိတဲ့ ချွေးပေါက်တွေကိုပွင့်သွားစေပြီး ဆားဝက်ခြံတွေကိုလည်း ဖယ်ရှားပေးလိုက်နိုင်ပါတယ်။ ရေနွေးငွေ့နဲ့ပေါင်းခံပြီးသွားရင်တော့ မျက်နှာကိုရေအေးလေးနဲ့ပြန်ပြီး သစ်ပေးရမယ်နော်။

ကြက်ဥအကာကလည်း မျက်နှာမှာရှိနေတဲ့ ဆားဝက်ခြံတွေကိုဖယ်ရှားပေးဖို့ အကောင်းဆုံးနည်းလမ်းထဲက တစ်ခုပဲပေါ့။ ကြက်ဥတစ်လုံးကိုဖောက်ပြီး အနှစ်ကိုဖယ်ထားလိုက်ပါ။ ကြက်ဥအကာကိုပဲသန့်စင်တဲ့ မျက်နှာပြင်ပေါ်မှာ တစ်လွှာချင်းစီလိမ်းပေးလိုက်လို့ရပါတယ်။ မျက်နှာပြင်ပေါ်မှာတစ်လွှာလိမ်းပေးပြီး ခြောက်သွားပြီဆိုမှနောက်တစ်လွှာလိမ်းပေးပါ။ ၃ထပ် ၄ထပ်လောက်လုပ်ပြီးသွားရင်တော့ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးကြောပေးလိုက်ပါ။ ပြီးရင်တော့ အစိုဓာတ်ထိန်းခရင်မ်လေးတော့ မဖြစ်မနေလိမ်းပေးဖို့ မမေ့နဲ့နော်။

သကြားနဲ့ Scrub လုပ်ပေးမယ်ဆိုရင်လည်း ဆားဝက်ခြံတွေနဲ့ အမည်းစက်တွေကိုလျော့နည်းစေပါတယ်။ သကြားကို အသားအရေကိုစိုပြေစေမယ့် အုန်းဆီနဲ့ရောပြီး သန့်စင်ထားပြီးတဲ့မျက်နှာပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးက မျက်နှာအသားအရေကိုချောမွေ့စေပြီး မျက်နှာပေါ်မှာရှိနေတဲ့ ဆားဝက်ခြံတွေကိုလည်းလျော့နည်းသွားစေပါတယ်။

ဒါတွေကတော့ ငွေကုန်ကြေးကျလည်းသက်သာတယ်၊ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေလည်းဖြစ်တာကြောင့် ပျိုမေတို့အနေနဲ့လုပ်ရတာလွယ်ကူပြီး အသားအရေအတွက်လည်း ထိရောက်မှုရှိတာကြောင့် အိမ်မှာနေနေရတဲ့အားလပ်ရက်တွေမှာ လုပ်ကြည့်သင့်တယ်လို့ထင်ပါတယ်။

Photo Source: Pinterest