တစ်ရက် တစ်ရက် စိတ်ဖိစီးမှုတွေ ဖိအားတွေမရှိမယ့်နေရာကို ပိုပိုပြီးရှာဖွေနေမိကြတယ်မလား? လူတိုင်းကတော့ စိတ်ဖိစီးမှုဆိုတဲ့အရာတွေနဲ့ ဝေးရာမှာပဲ နေချင်ကြတာပေါ့။ ကိုဒါပေမယ့် စိတ်မညစ်ချင်ပါဘူးဆိုပြီးတော့လည်း ထိုင်အော်နေရင်လည်း အဲ့ဒီစိတ်ညစ်တာတွေ စိတ်ဖိစီးတာတွေက ထွက်သွားမှာမှမဟုတ်တာ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ စာဖတ်သူတွေအတွက် စိတ်ဖိစီးမှုကင်းမဲ့တဲ့ဇုန်ကို ကိုယ်တိုင်ဖန်တီးယူနိုင်ဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

မိသားစုပြဿနာ၊ အချစ်ရေးအဆင်မပြေမှု၊ အလုပ်မှာကြုံတွေ့ရတဲ့ မပြေလည်မှုတွေ ဒါတွေက သင်မကြုံချင်လည်း ကြုံတွေ့ရမယ့် လူဘဝရဲ့အခက်အခဲတွေပေါ့။ အဲဒီStressတွေနဲ့ နည်းနည်းလေးပဲ့ဖြစ်ဖြစ် ဝေးဝေးနေနိုင်ဖို့အတွက် ဒီအရာလေးတွေကို လိုက်လုပ်ဆောင်ပေးကြည့်ပါနော်။

အကောင်းဘက်ကနေ မြင်ကြည့်ပေးလိုက်ပါ

လူတစ်ယောက်မှာ အကောင်းမြင်တတ်တဲ့စိတ်လေးရှိနေဖို့က အရမ်းကိုအရေးကြီးလွန်းပါတယ်။ စိတ်ဖိစီးမှုဆိုတာက မကောင်းမြင်တတ်တဲ့သူနဲ့ အကောင်းမြင်တတ်တဲ့သူ နှစ်ယောက်ယှဉ်လိုက်ရင် မကောင်းမြင်တတ်တဲ့သူဆီမှာ ပိုပြီးတော့တွေ့ရတတ်ပါတယ်။
ကျရှုံးသွားခဲ့တယ်ဆိုရင်တောင် ဟုတ်ပြီ ငါသေချာမကြိုးစားခဲ့လို့၊ အတွေ့အကြုံနည်းနေသေးလို့၊ ထပ်ကြိုးစားဖို့လိုသေးလို့ဆိုတဲ့ အကောင်းမြင်တဲ့စိတ်မျိုးနဲ့ဆိုရင် သင်အပေါ်ကျရောက်လာမယ့် Stress တွေက နည်းနည်းလောက်တော့ လျော့နည်းသွားစေမှာပါနော်။

ကျန်းမာရေးနဲ့အညီ နေထိုင်နိုင်ဖို့

ဘဝမှာ ကျန်းမာရေးကောင်းဖို့ကလည်း အရေးကြီးတဲ့အချက်ထဲမှာ ပါဝင်နေပါတယ်။ ကျန်းမာရေးကောင်းနေမှလည်း ဘဝကို စိတ်ဓာတ်မကျပဲ ကောင်းကောင်းရှေ့ဆက်လို့ရမှာပေါ့။ အာဟာရပြည့်စုံတဲ့အစားအစာမျိုးတွေကို စားပေးမှ သင့်ခန္ဓာကိုယ်ထဲမှာ အင်အားတွေပြည့်နေမှာပါ။ ဆေးပညာလေ့လာချက်တွေအရဆိုရင် အိပ်ရေးကောင်းကောင်းမဝနေတာက သင့်ရဲ့ကျန်းမာရေးကို အချိန်ကြာကြာထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

ကိုယ်ပိုင်အချိန်လေးကို ရအောင်ဖန်တီးယူပါ

အလုပ်ကြိုးစားတယ်၊ စာကြိုးစားတယ်ဆိုတာတွေက ဘဝရဲ့တက်လမ်းတွေအတွက် အထောက်အကူပြုစေတဲ့အရာတွေဆိုပေမယ့်လည်း မနားမနေကြီးလုပ်နေစရာတော့ မလိုပါဘူး။ ကိုယ်ပိုင်အချိန်လေးကိုလည်း ထားပေးမှ ဦးနှောက်ရော၊ လူပါအနားယူနိုင်ပြီး စိတ်ဖိစီးမှုဒဏ်တွေကိုလည်း လျော့နည်းစေမှာပဲ့ဖြစ်ပါတယ်။

တစ်နေ့လုံး အလုပ်တွေပဲလုပ်နေစရာမလိုပဲ အခန်းလေးထဲမှာ စိတ်ကို relax ဖြစ်စေမယ့် သီချင်းတွေနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ်တာစတဲ့ စိတ်သက်သာရာရစေမယ့် အရာမျိုးတွေကိုလုပ်ပြီး ဖြတ်သန်းကြည့်ပါ။

အခက်အခဲပြဿနာတွေကို တစ်ယောက်တည်း မဖြေရှင်းပါနဲ့

အခက်အခဲတစ်ခုနဲ့ကြုံလာလို့ သင်တစ်ယောက်ထဲဖြေရှင်းလို့မရတော့ဘူးဆိုရင် သင့်ရဲ့အရင်းနှီးဆုံးသူတစ်ယောက်ယောက်ကို ရင်ဖွင့်ဖို့၊ အကူအညီတောင်းကြည့်ဖို့ တွန့်ဆုတ်မနေပါနဲ့။ မိသားစုဝင်တွေ၊ သင်နဲ့အရမ်းရင်းနှီးတဲ့သူတွေကပဲ သင့်ကိုစိတ်ရင်းနဲ့ကူညီဖြေရှင်းပေးနိုင်မှာပါ။ ဒါကြောင့် အခက်အခဲတစ်ခုခုဖြစ်လာခဲ့ရင် တစ်ယောက်ထဲစိတ်ညစ်ခံပြီး စိတ်ဖိစီးမှုတွေခံမနေပါနဲ့။

အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ

အကောင်းဆုံးဆိုတဲ့အရာတွေကို လူတိုင်းကလိုချင်လို့ ကြိုးစားနေကြတာပဲလေ။ ဒါပေမယ့် ဒီလိုမျိုးကြိုးစားနေတဲ့အချိန်မှာလည်း လဲကျတဲ့အချိန်တွေ ဆိုတာလည်း ရှိလာမှာပဲလေ။ လဲကျသွားခဲ့ရင်လည်း အားမလျော့ပဲ ဘာကြောင့်မှားတာလဲဆိုတာတွေကို ပြန်လည်သုံးသပ်တတ်ပါစေ။

အောင်မြင်ချင်ရင် များများလေ့လာရမယ်၊ များများအားထုတ်ရမယ် ဒါတွေကိုသိထားမယ်ဆိုရင်တော့ သင့်ဘဝတက်လမ်းအတွက် တကယ်လိုအပ်တာက ဘာဆိုတာကို သင်သိသွားပြီဆိုရင် ထိခိုက်မှုသေးသေးလေးတွေလောက်ကို စိတ်ဖိစီးမှုအနေနဲ့ သင်ခံစားမိနေတော့မှာ မဟုတ်ပါဘူး။