ဆောငး်ရာသီက အေးချမ်းပြီး နေလို့ကောင်းတဲ့ ရာသီတစ်ခုပါ။ ဒါပေမဲ့ ဆောင်းတွင်းမှာ တိုက်တဲ့လေက အသားအရေ၊ ဆံကေသာနဲ့ နှုတ်ခမ်းတွေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် ပုံမှန်လုပ်နေကျ အလှအပထိန်းသိမ်းနည်းတွေနဲ့ မလုံလောက်တော့ပါဘူး။ ဂရုစိုက်မှုကို ပိုတိုးပေးရပါမယ်။ ဒီတော့ ပျိုမေလေးတို့အတွက် ဆောင်းတွင်းမှာ နဂိုလှမြဲအတိုင်း လှနေစေဖို့ အလှအပထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေများများသောက်ပေးပါ

ဆောင်းတွင်းမှာ အေးတော့ ရေသောက်ဖို့ မေ့နေတတ်ပါတယ်။ ရေသောက်တာက အသားအရေနဲ့ နှုတ်ခမ်းကို အစိုဓာတ်ပေးပါတယ်။ တစ်နေ့ကို ရေ သုံးလီတာကနေ လေးလီတာ သောက်သုံးသင့်ပါတယ်။

၂။ စားသောက်ပုံ စနစ်ပြောင်းလဲပေးပါ

အရည်ချွမ်းတဲ့ အသီးအနှံတွေ များများစားပေးပါ။ သင့်ရဲ့ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

၃။ ပိုးသားခေါင်းအုံးစွပ်သုံးပါ


ပိုးသားခေါင်းအုံးစွပ်က ဆံပင်ပျက်စီးမှုနဲ့ ဆံသားကျိုးတာကို ကာကွယ်ပေးပါတယ်။ အရေးအကြောင်းတွေ ရော့ပါးအောင်လည်း ပိုးသားခေါင်းအုံးစွပ်က ကူညီပေးပါတယ်။

၄။ အုန်းဆီသုံးကြည့်ပါ

သင်က အသားအရေခြောက်သွေ့တတ်သူဆိုရင် အုန်းဆီလိမ်းကြည့်ပါ။ ညအိပ်ရာဝင်ခါနီးလိမ်းပြီး တစ်ညထားအိပ်ပါ။ သင့်အသားအရေထဲ အုန်းဆီ စိမ့်ဝင်သွားပါစေ။ သင့်အသားအရေပိုပြီးချောမွေ့လာပါလိမ့်မယ်။ အုန်းဆီက ဆံသားအတွက်ကောင်းမွန်တာကိုလည်း ပျိုမေတို့ သိပြီးဖြစ်မှာပါ။

၅။ ပုံမှန်ချေးချွတ်ပေးပါ

ဆောင်းတွင်းလေက အသားအရေကို ပိုခြောက်သွေ့စေပြီး ဆဲလ်သေတွေ တိုးပွားစေပါတယ်။ Scrub တွေနဲ့ ပုံမှန်ချေးချွတ်ပေးပါ။ ဆဲလ်သေတွေကွာကျသွားမှာပါ။ နှုတ်ခမ်းကိုလည်း Scrub လုပ်ဖို့ မမေ့ပါနဲ့နော်။ တစ်ပတ်မှာ တစ်ကြိမ်ကနေ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

၆။ ရေအေးအေးလေးနဲ့ ရေချိုးပါ

ဆောင်းတွင်းဆိုရင် ရေနွေးလေးနဲ့ ချိုးလိုက်ရမှ နေသာထိုင်သာရှိတာပါ။ ဒါပေမဲ့ ရေနွေးက သင့်ရဲ့အသားအရေနဲ့ ဆံကေသာကို ပိုပြီးခြောက်သွေ့စေပါတယ်။ အသားအရေထဲက အဆီဓာတ်တွေကို ဆုံးရှုံးစေပါတယ်။ ရေခဲရေနဲ့ ချိုးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆောင်းလေလေးနဲ့ အေးနေတဲ့ သဘာဝရေကိုပဲ ချိုးပေးပါ။ သင့်ရဲ့ အသားအရေ၊ဆံသားနဲ့ နှုတ်ခမ်းအတွက်ကောင်းမွန်ပါတယ်။

Source: Herbeauty.co