ဒီနေ့မှာ MyStyle Myanmar က အလှပဂေးလေးတွေအတွက် အသားအရေနဲ့ ပတ်သက်ပြီး ဘယ်လိုအရာလေးတွေကို ဂရုစိုက်ပေးသင့်သလဲဆိုတာကို မျှဝေပေးချင်ပါတယ်။အသားအရေဆိုတာမျိုးက ကိုယ်သူ့ကိုသေချာလေးဂရုစိုက်နိုင်မှ သူကလည်း ကိုယ့်ကိုပြန်ကြည့်တာမျိုးပါ။ Skin Care တွေတော့ပုံမှန်သုံးနေပါရဲ့နဲ့ အစားအသောက်တွေကို မဆင်ခြင်မိပြန်ရင်လည်း ကိုယ့်လိုချင်တဲ့အသားရေမျိုးနဲ့ အလှမ်းဝေးနေအုံးမှာပဲ့။
ဒါကြောင့် ဖန်သားလေးတွေ Glass Skinလေးလို ဝင်းဝင်းလေးနဲ့ကြည်တောက်နေမယ့် အသားအရေမျိုးကို လိုချင်တယ်ဆိုရင်တော့ ဒီလိုအရာလေးတွေကို အထူးလိုက်နာလုပ်ဆောင်ပေးဖို့ လိုမယ်နော်။

ကဲ..ဘယ်လိုအကျင့်မျိုးတွေရှိနေရင်ဖြင့် အသားအရေပျက်စီးသထက် ပျက်စီးလာနိုင်လောက်တယ်ဆိုတာကို လေ့လာကြည့်လိုက်ရအောင်ပါ။

လက်နဲ့ခဏခဏထိကိုင်မိတာ

လက်နဲ့မကြာခဏမျက်နှာကို ကလိနေမယ်ဆို ဝက်ခြံတွေ ပေါလာပါလိမ့်မယ်။ အဓိကကတော့ နှုတ်ခမ်းနားတစ်ဝိုက်မှာပါ။ Skin care နဲ့ Makeup တွေမျက်နှာမှာလိမ်းထားချိန်ဆို တတ်နိုင်သလောက်သွားမကလိပါနဲ့။ ညအိပ်ရာဝင်ချိန်ဆိုလည်း မိတ်ကပ်ဖျက်ပြီးမှ အိပ်ဖို့မမေ့ပါနဲ့။

Sunscreen လိမ်းဖို့ပျင်းတာ

Sunscreen ဆိုတာ တင်းတိပ်နဲ့ မှဲ့ခြောက်တွေဖြစ်စေရုံသာမက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေကိုပါ တားဆီးပေးနိုင်ပါတယ်။ ဘာကြောင့် ချွေးပေါက်တွေကျယ်လာရလဲဆိုပြီးတော့လည်း စဉ်းစားရကြပ်မနေပါနဲ့။ ဘာလို့လဲဆိုတော့ နေပူထဲကို အကာအကွယ်မပါဘဲ သွားတာများလို့ဖြစ်တာပါ။ ဒါကြောင့် ဆောင်းရာသီမှာတောင် Sunscreen လိမ်းဖို့ မပျင်းပါနဲ့။

Exfoliate ပုံမှန်မလုပ်ဖြစ်တာ

အသားအရေဆိုတာ အတွင်းရော၊ အပြင်ရော ထိန်းသိမ်းနိုင်မှ တော်ရာကျတာပါ။ ဆဲလ်သစ်တွေ တစ်ဖန်ပြန်မွေးဖွားနိုင်ဖို့ရာ ဆဲလ်သေတွေကိုအမြဲဖယ်ရှားပေးဖို့လိုပါတယ်။ မဟုတ်ရင် မျက်နှာကြီးကညစ်ညမ်းပြီး အမဲစက်တွေ၊ ဆားဝက်ခြံတွေနဲ့ အဆီခဲတွေ အလွယ်တကူ ပေါက်လာနိုင်တာပေါ့နော်။ ဒါကြောင့် တစ်ပတ် (၂) ခါလောက်တော့ Exfoliate မှန်မှန်လုပ်ပေးပါ။

အစားအသောက်မဆင်ခြင်ပဲ့ စားမိတာတွေ

ဆေးလိပ်၊ အရက်နဲ့ ဘီယာတွေကြောင့်လည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာနိုင်ပါတယ်။ အသင့်စားအစားအသောက်တွေဟာလည်း ခန္ဓာကိုယ်အဆိပ်အတောက် ဖြစ်စေနိုင်တာတွေချည်းပါပဲ။ ပုံမှန်နေ့တိုင်းလိုလို အဲဒါတွေချည်းပဲစားနေမယ်ဆိုရင်တော့ Skin care လုပ်လည်း အပိုပါပဲ။ လိုချင်တဲ့အသားအရေကို ဘယ်တော့မှပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသီးအရွက်တွေကိုသာ များများစားပေးပါ။ ကော်ဖီ၊ သကြားဓာတ်နဲ့ ဆားဓာတ်ပမာဏကိုလည်း ထိန်းညှိစားသုံးပေးသင့်ပါတယ်။

စိတ်ဖိစီးမှုများပြီး အိပ်ရေးပျက်တာတွေ

ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ ဘာအတွက်ကြောင့်မှ စိတ်ဖိစီးမခံပါနဲ့။ ဪ … စိတ်ဖိစီးမှုတွေရှိလာရင်တောင် အရမ်းကောင်းနေတဲ့ ကိုယ့်အသားအရေလေးကိုကြည့်ပြီး ဖြေသိမ့်လို့ရတာပေါ့။ ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမခံပါနဲ့။ ရေများများသောက်ပါ။