မိန်းကလေးတိုင်းအတွက် အပြင်သွားတဲ့အခါမျိုးတွေမှာ အိတ်ဆိုတာက မရှိမဖြစ်လို့ဆိုလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အိတ်ထဲမှာတစ်နေ့တာအတွက် လိုအပ်တာတွေကိုသယ်ဆောင်သွားပြီး စတိုင်ကျကျနဲ့လှပနေနိုင်ဖို့လိုတာကြောင့် မိန်းကလေးနဲ့အိတ်ဆိုတာ တွဲဖက်တွေလိုတောင်ဖြစ်နေပါပြီ။

အိတ်အမျိုးအစားတွေ အများကြီးရှိတဲ့ထဲမှာ ရုံးသွားကျောင်းသွားနေ့စဉ်အသုံးပြုရတဲ့ အိတ်တွေထဲမှာဆိုရင် ပစ္စည်းတွေကို စုံစုံလင်လင်ထည့်ထားတတ်ကြတာလည်း အကျင့်တစ်ခုလိုပဲပေါ့။ ဒါပေမယ့် နေ့တိုင်းကိုင်ဆောင်နေရတဲ့ အိတ်က လေးနေလို့တော့မဖြစ်ဘူးလေ။ ဒီတော့ ဘယ်လိုတွေပြင်ဆင်ကြမလဲ။

အိတ်ထဲမှာရှိနေတာတွေကို သွန်ချလိုက်ပါ။ နဂိုထည့်ထားတဲ့ပစ္စည်းတွေကို ပြန်ပြီးထုတ်ပြီး ဘာတွေလိုအပ်တယ်၊ ဘယ်အရာတွေကတော့ ရှင်းထုတ်လို့ရတယ်ဆိုတာမျိုးကို မြင်တွေ့လာရမှာပဲဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ တစ်ပတ်ကိုတစ်ခါလောက် အိတ်ကိုရှင်းပေးဖို့ပါ။ အဲဒါမှာ မလိုအပ်တော့တဲ့စာရွက်တွေ၊ ဖြတ်ပိုင်းတွေနဲ့ ထုတ်ပြီးပြန်သိမ်းထားသင့်တဲ့အရာတွေကို ဖယ်ထားနိုင်မှာပေါ့။

နောက်တစ်ခုကတော့ မိန်းကလေးတိုင်းကြုံတွေ့ရတဲ့ နှုတ်ခမ်းနီပြဿနာပါပဲ။ အစားစားပြီးသွားတဲ့အချိန်တွေမှာ နှုတ်နီတွေပျက်သွားရင် ပြန်ဆိုးဖို့အတွက်ပဲဖြစ်ဖြစ်၊ လိုအပ်လာတဲ့အချိန်မှာ ပြန်ပြီးပြင်ဆင်နိုင်ဖို့အတွက် နှုတ်ခမ်းနီတွေကို အိတ်ထဲမှာဆောင်ထားတတ်ပါတယ်။ ဒီလိုနေရာမှာ မိန်းကလေးတော်တော်များများက နှုတ်ခမ်းနီကိုတစ်မျိုးထဲ အိတ်ထဲထည့်ပြီး မဆောင်ထားပဲ ကြိုက်တဲ့အရောင်တိုင်းကို ဆောင်ထားတာပါပဲ။ ဒါကို အိတ်ကိုပိုပြီးတော့ လေးလံစေတာကြောင့် အဝတ်အစားတိုင်းနဲ့လိုက်ဖက်မယ့် နှုတ်ခမ်းနီကိုပဲ အိတ်ထဲထည့်ထားသင့်ပါတယ်။

ဘာလိုအပ်တယ်ဆိုတာကို သေချာစဉ်းစားတတ်ဖို့ကလည်း အရေးကြီးပါတယ်။ လိုအပ်မယ်ထင်တဲ့ အရာတိုင်းကို အိတ်ထဲမှာထည့်ထားမယ်ဆိုရင် သယ်ရတာပိုလေးတာပဲရှိမှာပေါ့။ တစ်နေ့တာဖြတ်သန်းရတဲ့အချိန်မှာ နေ့တိုင်းအတွက်အသုံးလိုတဲ့ အရာမျိုးတွေကိုပဲ ရွေးချယ်ပြီးထည့်ထားမယ်ဆိုရင် အကောင်းဆုံးပဲပေါ့။

မကြာခဏအိတ်ကိုလဲပေးပါ။ အပေါ်မှာပြောထားခဲ့သလိုပဲ တစ်ပတ်ကိုတစ်ခါလောက် အိတ်ကိုရှင်းထုတ်ပေးရမယ်ဆိုတာက ဒီနည်းလမ်းနဲ့လည်း ဆက်စပ်မှုရှိနေတယ်လို့ဆိုလို့ရပါတယ်။ နှစ်ပတ်ကိုတစ်ခါလောက်ပဲဖြစ်ဖြစ်၊ တစ်ပတ်ကိုတစ်ခါပဲဖြစ်ဖြစ် ပိုက်ဆံကိုပြောင်းပြီး ကိုင်မယ်ဆိုရင်တော့ ပစ္စည်းတွေအပြောင်းအရွေ့လုပ်ရတာကြောင့် မလိုအပ်တာတွေကိုကောင်းကောင်းဖယ်ထုတ်နိုင်သွားတာပေါ့။

နေ့တိုင်းနေ့တိုင်းမှာ သွားလာလှုပ်ရှားနေရတဲ့ ပျိုမေတို့အနေနဲ့ ဒီလိုမျိုးအိတ်နဲ့ပတ်သက်တဲ့ အရာမျိုးတွေကိုမသိထားနေဘူးဆိုရင် လေးလံလွန်းတဲ့အိတ်တွေကြောင့် ဖြတ်သန်းရတဲ့နေ့ရက်တွေကလည်း ပေါ့ပေါ့ပါးပါးမရှိနေတော့ဘူးပေါ့။ ဒါကြောင့် ဒီအချက်တွေကိုသေချာလေ့လာပြီး ပြင်ဆင်ဖို့ကြိုးစားကြည့်လိုက်ပါနော်။

Photo Source: Unsplash