ချစ်သူနဲ့အဆင်မပြေရင် စိတ်ညစ်ရတာတော့ ရည်းစားထားတဲ့သူတိုင်း သိမှာပါ။ စတွဲလာကတည်းကသာ နားလည်မှုနဲ့ တည်ဆောက်ထားပြီး တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမယ်ဆိုရင် အဆင်ပြေစေမှာပါ။ ဒီတော့ ကိုယ့်ချစ်သူနဲ့ အမြဲတမ်းလိုလို အဆင်ပြေနေစေဖို့ ရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေကိုလည်း ပြောပြပေးလိုက်ပါတယ်။

တစ်ကိုယ်ကောင်းဆန်ခြင်း

Relationship တစ်ခုမှာ တစ်ကိုယ်ကောင်း အရမ်းဆန်တဲ့သူရှိရင် ရေရှည်မှာ အဆင်မပြေပါဘူး။ စိတ်ဆင်းရဲစရာ၊ ဒေါသထွက်စရာတွေပဲ ဖြစ်နေပြီး ခဏခဏ စကားများနေရမှာပါ။ ဒါကြောင့် တစ်ကိုယ်ကောင်းဆန်တာမျိုးကို ရှောင်သင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရင်တော့ ပိုပြီးတော့ အဆင်ပြေမှာပါ။

စွပ်စွဲခြင်း၊ သဝန်တိုလွန်းခြင်း

ကိုယ့်ချစ်သူအပေါ်မှာ ချစ်လို့ သဝန်တိုတယ်ဆိုတာ လူတိုင်းလိုလို နားလည်ပေးပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး တရားလွန် သဝန်တိုတာမျိုးကျတော့ ကြာလာရင် အဆင်မပြေပါဘူး။ အဆိုးဆုံးကတော့ သဝန်တိုပြီး စွပ်စွဲတာပါပဲ။ ခဏခဏ စွပ်စွဲပြောဆိုတာတွေ များလာရင်တော့ ဘယ်သူမှ ရေရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်ကိုလည်း ရှောင်သင့်ပါတယ်။

အလေးမထားခြင်း

ကိုယ့်ချစ်သူအပေါ်မှာ အလေးမထားရင် တစ်ဖက်လူက စိတ်ဆိုးစိတ်ကောက်မယ်၊ ပြဿနာရှာမယ်၊ အဲ့ကနေမှ စိတ်ပျက်တယ်၊ စိတ်ကုန်တယ်ဆိုတာတွေ ဖြစ်လာတတ်ပါတယ်။ မိန်းကလေးတွေဆို ပိုတောင်ဆိုးပါသေးတယ်။ ကိုယ့်ချစ်သူဆီက ကိစ္စသေးသေးလေးတွေကအစ အလေးထားတာ ဂရုစိုက်တာမျိုးကို လိုချင်ကြပါတယ်။ ဒါကြောင့် အလေးမထားတာမျိုးလည်း မလုပ်ပါနဲ့။

လူကြားထဲအော်ဟစ်ခြင်း

တကယ်တော့ ကိုယ့်ချစ်သူကို အော်ဟစ်ဆဲဆိုတာတွေက နှစ်ယောက်ထဲရှိလည်း မလုပ်သင့်ပါဘူး။ လူကြားထဲမှာဆို ပိုတောင်ဆိုးပါသေးတယ်။ လူကြားထဲ အော်ဟစ်တာ၊ ဆဲတာ၊ လက်ပါတာတွေက လုံးဝကို မလုပ်သင့်တဲ့၊ ရှောင်သင့်တဲ့အချက်ပါပဲ။